တရုတ်နိုင်ငံမှ ပြန်လာပြီး Quarantine ဝင်ရောက်နေသူတစ်ဦးက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား
|တရုတ်နိုင်ငံမှ ပြန်လာပြီး သတ်မှတ်နေရာတွင် Quarantine ဝင်ရောက်နေသူတစ်ဦးက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား ဓားဖြင့်ထိုးမှု ကျွန်းလှမြို့၌ ဧပြီ ၁၉ရက်က ဖြစ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် တင်းတိန်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်စောအား Quarantine ဝင်ရောက်နေသူအသက် ၃၉နှစ်အရွယ် အမျိုးသားက ဓားဖြင့်ထိုး၍ ထွက်ပြေး သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဧပြီ ၁၉ရက် ည ၇နာရီခန့်က ဖြစ်ပွားခဲ့သော အထက်ပါဖြစ်စဉ်အပေါ် ဦးခင်မောင်စောက ” ပြည်ပပြန်တွေနဲ့ ပြည်တွင်းက ပြန်ဝင်လာသူတွေကို စောင့်ကြည့်အနေနဲ့ ခွဲထားတာကို ပေါင်းပြီး အရက်သောက်နေကြလို့ သွားတားတာ။ ထိုးတဲ့သူက တရုတ်က ပြန်တဲ့သူ။ ဟိုအရင်ကလည်း အမှုတစ်ခုဖြစ်ဖူးတော့ ဖမ်းတာ၊ဆီးတာလုပ်တဲ့အခါ ရန်ငြိုးထားပုံရတယ်။ ကော်မတီရုံးခန်းထဲ ဝင်ထိုးတာ”ဟု ဆိုသည်။
ဦးခင်မောင်စောသည် လည်ပင်းနှင့် လက်မောင်းတွင် ဓားဒဏ်ရာနှစ်ချက်ရ၍ ကျွန်းလှမြို့နယ် ပြည်သူ့ဆေးရုံ၌ ကုသနေပြီး အသက်အန္တရာယ် စိုးရိမ်စရာအခြေအနေမရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသူကို လိုက်လံဖမ်းဆီးရာ ယနေ့(ဧပြီ ၂၀)နံနက် ၃နာရီခန့်တွင် ဖမ်းမိခဲ့ပြီး စစ်ဆေးနေဆဲဖြစ်ကြောင်း ကျွန်းလှမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
သတင်း – အောင်သစ်လွင်(7day news)