fbpx

ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများအတွက် အထူးထောက်ပံ့ကြေးပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

COVID-19 တိုက်ဖျက်ရေးတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို အထူးထောက်ပံ့ကြေး(Allowance)ပေးရန် စီစဉ်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့နံနက်တွင် ဝေဘာဂီအထူးကုဆေးရုံမှ ကုသစောင့်ရှောက်မှု ပေးနေသူသုံးဦးနှင့် အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“နှစ်သစ်မှာ မင်္ဂလာစကားနဲ့ စရအောင်လို့ ကျွန်မတို့ရဲ့ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို အထူး Allowence ပေးဖို့အတွက်လည်း စီစဉ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျေးဇူးကိုအသိ အမှတ်ပြုသောအားဖြင့်လည်းဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်တွေ့အခြေအနေတွင် အဆိုပါကျန်းမာရေးဝန်ထမ်းများအနေဖြင့် အသွားအလာ၊ အနေ အထိုင် အခက်အခဲနှင့် လိုအပ်ချက်များရှိနေပြီး ၎င်းတို့အဆင်ပြေစေရေးတတ်နိုင်သမျှ ဆောင်ရွက်ပေးမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

ယနေ့(ဧပြီ ၁၇ ရက်)နံနက်အထိ မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၈၅ ဦးရှိပြီး ရန်ကုန်မြို့ရှိ ဝေဘာဂီအထူးကုဆေးရုံတွင် လူနာ ၆၈ ဦးကို ကုသမှုပေးနေခြင်း ဖြစ်သည်။ စုစုပေါင်းပိုးတွေ့လူနာ ၈၅ ဦးအနက် လေးဦးသေဆုံးခဲ့ပြီး နှစ်ဦးမှာ ပိုးကင်းစင်ပြီး ဖြစ်သည်။

ဝေဘာဂီအထူးကုဆေးရုံ၌ ပိုးတွေ့အတည်ပြုလူနာ ၉၀ အထိ လက်ခံနိုင်ပြီး လက်ရှိတွင် အဆောင် သုံးဆောင်စလုံးရှိ ကုတင်များတွင်ပြည့်နေပြီဖြစ်ကြောင်း ယင်းဆေးရုံမှ ပါမောက္ခဒေါက်တာစံပယ်ဖြူက ပြောသည်။

လက်ရှိတွင် လူနာခုနှစ်ဦးမှာ အနည်းငယ်စိုးရိမ်စရာအခြေအနေရှိပြီး ကျန်လူနာအားလုံးမှာ ကျန်းမာရေး ကောင်းမွန်ကြောင်း ၎င်းက ဆက်ပြောသည်။

သို့ရာတွင် လူနာများအနက် သုံးပုံတစ်ပုံက ဆီးချိုရောဂါရှိပြီး တစ်ဝက်ခန့်မှာ သွေးတိုးရောဂါရှိကြောင်း ပါမောက္ခဒေါက်တာစံပယ်ဖြူက ရှင်းပြသည်။

အသက်အရွယ်အပိုင်းအခြားအရ အသက် ၇၀ကျော်သုံးဦး၊ အသက် ၆၀ကျော် ၁၂ ဦး၊ အသက် ၅၀ကျော် ၃၀ ဦးရှိပြီး ကျန်သူ များမှာ သက်လတ်ပိုင်းများဖြစ်သည်ဟု ဆိုသည်။

ဝေဘာဂီဆေးရုံတွင် ဇန်နဝါရီလကုန်ပိုင်းမှစ၍ သံသယနှင့်စောင့်ကြည်လူနာများအပါအဝင် covid-19 ရောဂါပိုးတွေ့လူနာ ၂၅၀ ကျော်ကိုကုသပေးခဲ့သည်။

“ ကျွန်မတို့အနေနဲ့ အားလုံးလုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ဒီကာလတွေမှာတော့ ဒီနေ့ဒီရက်အထိ နည်းနည်းချောချောမောမောလေးရှိနေပါသေးတယ်။ တကယ်တော့ အပြည့်အဝထမ်းဆောင် နိုင်ဖို့အတွက်ဆိုရင်တော့ လူအင်အားဆိုတာလိုအပ်ပါတယ်” ဟု ပါမောက္ခဒေါက်တာစံပယ်ဖြူက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြသည်။
ဝေဘာဂိဆေးရုံသည် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်းမှပါဝင်နေသည်ကို အထူးအလေးထားပြီး ၊ကျန်းမာရေးဝန်ထမ်းများမှာလည်း COVID-19 ရောဂါနှင့်ပတ်သပ်၍ကိုင်တွယ်နေရသည်မှာဇန်နဝါရီလမှစ၍ သုံးလ ဝန်းကျင်ရှိပြီဖြစ်၍ပင်းပန်းနေကြမည်ကိုနားလည်ကာအလှည့်ကျအနားယူနိုင်အောင်စီစဉ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ထို့အပြင်လူအင်အားဖြည့်ဆည်းပေးရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဆွေးနွေးကာ တတ်နိုင်သမျှ ဖြည့်ဆည်းပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“အလှည့်ကျနားဖို့ အင်မတန်အရေးကြီးပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဝေဘာဂီအထူးကုဆေးရုံ၌ PPE ဝတ်စုံ တစ်လစာအသင့်ရှိနေပြီး N-95 Mask သည်လည်း နှစ် ပတ်၊ သုံးပတ်ခန့်စာ ရှိကြောင်းနှင့် ထပ်မံ၍လည်း ဝန်ကြီးဌာနက ပံ့ပိုးပေးမည်ဟုပြောကြား ထားကြောင်း ပါမောက္ခဒေါက်တာစံပယ်ဖြူက ပြောသည်။

ထို့အပြင် သန့်ရှင်းရေးအတွက် အလိုအလျောက်စက်များ၊ ထမင်းပေးဝေရေးအတွက် စက်ရုပ် များဖြင့် ဆောင်ရွက်နိုင်ပါကလည်း ပိုမိုကောင်းမွန်မည်ဟု ပါမောက္ခဒေါက်တာစံပယ်ဖြူက အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြပြီး ယင်းတင်ပြချက်များကိုနားလည်ကာ မှတ်သားထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သတင်း – 7daynews

 

Add a Comment

Your email address will not be published. Required fields are marked *