တရုတ်နိုင်ငံတွင် လူပေါင်း ၅၀၀ ကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်စမ်းသပ်ထိုးပေး


တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ဒုတိယအဆင့် လက်တွေ့ စမ်းသပ်ချက်ကို စေတနာ့ဝန်ထမ်းအယောက် ၅၀၀ ပါဝင် ဆေးထိုးခံရင်း စတင်လိုက်ပါတယ်။ သူတို့ထဲက တယောက်ကတော့ အသက် ၈၄နှစ်အရွယ် ဝူဟန်မြို့ခံ ရှုံကျန့်ရှင်းပါ။ လူတိုင်းက ကပ်ဘေးဟန့်တားရေးကို တိုက်ပွဲဝင်နေတယ်။ စိတ်အေးအောင် ပါဝင် ဆောင်ရွက်ချင်တာပါလို့ သူက ပြောပါတယ်။ တရုတ်စစ်တပ် ဆေးသိပ္ပံတက္ကသိုလ်က သုတေသနပညာရှင်တွေက တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ဆီက မတ်လမှာ အတည်ပြုချက် ရအပြီး ခုလို စမ်းသပ် ဆောင်ရွက်နေတာပါ။
ဒုတိယအဆင့် လက်တွေ့စမ်းသပ်ချက်မှာ အသက်ကန့်သတ်ချက်ကို ဖယ်ရှားထားပြီး အသက် ၆၀ အထက် စေတနာ့ဝန်ထမ်းတွေကို ပါဝင်ခွင့်ပြုထားတယ်လို့ ဦးဆောင် သုတေသန ပညာရှင် ချန်ဝေက ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေး ဒုတိယလှိုင်း သင့်မှာကို ဟန့်တားဖို့ တိုက်ပွဲဝင်နေတာပါ။ နောက်ထပ် စမ်းသပ်ဆဲကာကွယ်ဆေး ၂ မျိုးကိုလည်း လူတွေနဲ့ စမ်းသပ်သွားမယ်လို့ အစိုးရမီဒီယာ ဆင်ဟွာက ဧပြီ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီကာကွယ်ဆေး ၂ မျိုးကိုတော့ တရုတ်အစိုးရပိုင် တရုတ်အမျိုးသား ဆေးဝါးအုပ်စုနဲ့ မိတ်ဖက် ဖြစ်တဲ့ ဘေကျင်းမြို့တော်အခြေစိုက် စီနိုတက်ခ် ဘိုင်အိုတက်ခ် လုပ်ငန်းနဲ့ ဝူဟန် ဇီဝဗေဒ ထုတ်ကုန် အဖွဲ့တို့ က တီထွင်နေတာ ဖြစ်ပါတယ်။

သတင်း – DVB TV News

Add a Comment

Your email address will not be published. Required fields are marked *