ဘရာဇီးရဲ့ အကြီးဆုံး သုဿန်မှာ ကျင်းတွေ ကြိုတူးနေ
|ဘရာဇီးရဲ့ အကြီးဆုံး သုဿန်မှာ ကျင်းတွေ ကြိုတူးနေ
ရောဂါကြောင့် သေပျောက်နှုန်း မြင့်တက်လာတဲ့အတွက် ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံး သုဿန်ကြီးမှာ ကျင်းတွေ ကြိုပြီး တူးထားရပါတယ်။
ဆာအိုပေါ်လိုမြို့က ဗီလာ ဖော်မိုဆာ သုဿန်ကြီးကို အပေါ်စီးကနေ ဒရုန်းနဲ့ ဗီဒီယို ရိုက်ထားတဲ့ အခါမှာ သုဘရာဇာတွေက ကြိုပြီး အစီအရီ တူးထားတဲ့ ကျင်းတွေကို တွေ့နေရပါတယ်။ ဒါဟာ Covid-19 အဆုတ်ရောင် ရောဂါဆိုးက ဘယ်လောက် ကြောက်စရာကောင်းသလဲ ဆိုတာကို သတိပေးနေတဲ့ ပုံရိပ်တစ်ခုလည်း ဖြစ်နေပါတယ်။
ဘရာဇီးဟာ လက်တင် အမေရိက ဒေသမှာ Covid-19 ရောဂါဒဏ်ကို အဆိုးဆုံး ခံစားနေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာ့တောင်ခြမ်းမှာ ရောဂါကြောင့် သေဆုံးသူ ထောင်ဂဏန်း ကျော်လွန်တဲ့ ပထမဆုံး နိုင်ငံဆိုတဲ့ မှတ်တမ်းဆိုးကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဗီလာ ဖော်မိုဆာမှာတော့ သုဘရာဇာတွေဟာ ကျင်းတွေ ကြိုတူးထားရသလို တစ်ခါတလေဆိုရင် အလောင်းတစ်လောင်းချင်းစီ မဟုတ်ဘဲ အလောင်းခြောက်လောင်း၊ ခုနစ်လောင်းလောက်ထိ တပြိုင်တည်း မြှုပ်နှံပေးရတယ်လို့ ဆိုပါတယ်။ သုဘရာဇာတွေ အနေနဲ့ PPE အကာအကွယ် ဝတ်စုံတွေ ဝတ်ထားရသလို Covid-19ကြောင့် သေဆုံးသူတွေရော၊ တခြား အလောင်းတွေကိုပါ စံနှုန်း တစ်ခုတည်း သတ်မှတ်ပြီး မြှုပ်နှံ သင်္ဂြိုဟ်ပေးနေရပါတယ်။
ဗီလာ ဖော်မိုဆာဟာ လက်တင်အမေရိက ဒေသတစ်ခုလုံးမှာ အကြီးမားဆုံး သုဿန်ကြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ Covid-19ရဲ့ သားကောင် ဖြစ်ခဲ့သူတွေကြောင့် သုဿန်မှာ လာသင်္ဂြိုဟ်တဲ့ အလောင်းအရေအတွက်က သိသိသာသာ မြင့်တက်လာတယ်လို့ သုဘရာဇာတွေက ပြောကြားခဲ့ပါတယ်။
လက်ရှိ အချိန်ထိ ဘရာဇီးမှာ Covid-19 လူနာပေါင်း ၂၄၀၀၀ နီးပါး အတည်ပြု တွေ့ရှိထားပြီး သေဆုံးသူ ၁၃၀၀ ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။