နောက်နှစ်ပတ်အတွင်း မြန်မာပြည်သူများ ပိုမိုခက်ခဲတဲ့ကာလကိုဖြတ်သန်းရနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မြန်နိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့ ပြည်ပကပြန်လာတဲ့သူတွေထဲက နောက်နှစ်ပတ်အတွင်းမှာရောဂါပိုးတွေ့ရှိမှု ထပ်မံဖြစ်ပေါ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ နောက်နှစ်ပတ်အတွင်းပိုမိုခက်ခဲတဲ့ကာလကို ဖြတ်သန်းရနိုင်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ယနေ့ ဧပြီလ(၁၃)ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရဲ့ Fb Live ကနေပြောကြားခဲ့တာဖြစ်ပြီး အားလုံး သတိနဲ့နေထိုင်ကြဖို့ကိုလည်း အတိုင်ပင်ခံက တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

“ အခုဆိုရင် နောက်နှစ်ပတ်အတွင်းမှာ ပြည်တော်ပြန်တွေထဲက ရောဂါပိုးရှိတဲ့သူတွေပေါ်လာတော့မယ်။ ပေါ်လာတော့မှာဖြစ်တဲ့အတွက် များလာမယ်။ များလာရင်သူတို့နဲ့ အနီးကပ်ထိတွေ့မှုရှိခဲ့တဲ့ သူတွေကို တစ်ခါလိုက်စစ်ရင်းနဲ့ အန္တရာယ်တွေရှိလာနိုင်တော့ လုပ်ရမှာတွေအများကြီးရှိလာနိုင်တယ်။ ဒီအချိန်မှာ အားလုံးက စိုးရိမ်လွန်တာမျိုးမဟုတ်ဘဲ သတိနဲ့နေကြပါ” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ထိ ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေရှိနေပြီး နိုင်ငံတော်ကပန်ကြားချက်ထုတ်ထားတဲ့အတိုင်း ဧပြီလ(၃၀)ရက်နေ့မှသာ အဝင်ခံမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီရက်ပိုင်းအတွင်းမွန်ပြည်နယ်ဘက်က (၁၅၁)ယောက်ထပ်ဝင်လာပြီး မြဝတီဘက်မှာတော့ ဝင်လာဖို့ စောင့်နေတဲ့ မြန်မာနိုင်ငံသား (၂၀၀)လောက်ရှိတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောပါတယ်။

နောက်ပိုင်းရောဂါပိုးတွေ့ရှိတဲ့သူတွေကလည်း Quarantine ကာလ (၁၄)ရက်ပြည့်ပြီးမှတွေ့ရှိလာတာတွေရှိတာကြောင့် Quarantine ကာလကို (၂၁)ရက်ထိတိုးမြှင့်လိုက်ပြီးနေရာတွေကိုလည်းထပ်မံတိုးချဲ့သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိရောဂါပိုးကူးစက်ခံရသူ (၄၁)ဦးရှိနေပြီး သေဆုံးသူ (၄)ဦးရှိကာ ကူးစက်ခံရသူအများစုက ပြည်ပကပြန်လာတဲ့သူတွေဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *