ကိုဗစ်-၁၉ သံသယရှိတဲ့ အဆိုတော်မျိုးကြီးနဲ့ မိသားစု သီးသန့်ခွဲခြားနေထိုင်ပြီ

အိုင်းရင်းခရော့စ် ရော့ခ်တီးဝိုင်းရဲ့ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ အဆိုတော်မျိုးကြီးဟာ မိသားစုနဲ့အတူ အစိုးရစီစဉ်ထားတဲ့ သီးသန့်စောင့်ကြည့်တဲ့နေရာမှာ ကွာရန်တင်း ဝင်သွားပြီဖြစ်တယ်လို့ ဗဟန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က အတည်ပြုပါတယ်။

မနေ့က ညပိုင်းက ကွာရန်တင်းပြုလုပ်မယ့် နေရာကို ခေါ်ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုတော်မျိုးကြီးဟာ ဘာသာရေး ပွဲတစ်ခုကို တက်ရောက်ခဲ့ပြီး အဲဒီမှာ ကိုဗစ်၁၉ အတည်ပြုလူနာတချို့လည်း တက်ရောက်ခဲ့တာကြောင့် ထိတွေ့မှုရှိခဲ့ တယ်ဆိုပြီး အခုလို ကွာရန်တင်း ၂၁ ရက် ဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

အခုအခါ ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့သူအားလုံးကို နေအိမ်တွေမှာ မထားတော့ဘဲ သီးသန့်စောင့်ကြည့်တဲ့နေရာတွေကို ပို့ဆောင်နေပြီဖြစ် ပါတယ်။

အရင်က ထိတွေ့မှုရှိခဲ့သူတွေကို ရောဂါလက္ခဏာပြမပြ ၁၄ ရက်စောင့်ကြည့်တာဖြစ်ပြီး လူတိုင်းကို ရောဂါပိုးရှိမရှိဆေးစစ်ပေးတာမျိုး ပြုလုပ်ခဲ့ခြင်းမရှိပါ ဘူး။

ဒါပေမဲ့ အခုတော့ ၁၄ အတွင်း ရောဂါလက္ခဏာမပြပေမယ့်လည်း ကူးစက်ခံရတာတချို့ရှိလာလို့ သီးသန့်စောင့်ကြည့်သူတွေကို ဆေးစစ်ပေးမှာ ဖြစ်ပါ တယ်။

အခု အဆိုတော်မျိုးကြီးမိသားစုကလည်း ဆေးစစ်ဖို့ နီးစပ်နေတယ်လို့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ကိုဗစ်၁၉ အတည်ပြုလူနာ ငါးဦးဟာ အင်းစိန် အရှေ့ကြို့ကုန်းရပ်ကွက်ထဲက ကျမ်းစာသင်ကျောင်းကဖြစ်ပြီး တစ်အိမ်တည်း အတူနေထိုင်သူ တွေဖြစ်တယ်လို့ အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။

အဲဒီ လူနာ နံပါတ် ၃၄၊ ၃၅၊ ၃၆ ၊ ၃၇၊ ၄၁ တို့ဟာ နိုင်ငံခြားသားတွေတက်ရောက်တဲ့ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီးဧပြီ ၁၀ ရက်က ပိုးတွေ့ရှိကြောင်း အစိုးရထုတ်ပြန်ခဲ့တဲ့ လူနာ နံပါတ် ၂၄ ဟာလည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ရာဇဝင်ရှိတယ်လို့ လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီနောက် သူတို့နဲ့ ထိတွေ့ခဲ့သူတွေကို စုံစမ်းရာမှာ အဆိုတော်မျိုးကြီး ပါတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် အတည်ပြုလူနာနံပါတ် ၃၇ ဟာ အဆိုတော်မျိုးကြီးဖြစ်တယ်လို့ သတင်းတွေထွက်လာတဲ့အတွက် မဟုတ်မှန်ကြောင်း မျိုးကြီးရဲ့ ဇနီးဖြစ်သူက လူမှုကွန်ရက်ကနေ ပြန်လည်ရှင်းလင်းခဲ့ရပါတယ်။

ဒါပေမဲ့ အဲဒီလူနာ ၃၇ ဟာ သူတို့ရဲ့ မိတ်ဆွေဖြစ်လို့ စိတ်မကောင်းကြောင်းလည်း ရေးသားခဲ့ပါတယ်။

အဲဒီနောက် ဧပြီ ၁၂ ရက် ညနေပိုင်းမှာတော့ မျိုးကြီးရဲ့ဇနီးဖြစ်သူက နိုင်ငံတော်က ချမှတ်ထားတဲ့စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်သွားမှာပါလို့ ရေးသားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ကာယကံရှင်ဖြစ်တဲ့ အဆိုတော်မျိုးကြီးကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

အဲဒီဘာသာရေးအခမ်းအနားဟာ အင်းစိန်ဘက်မှာပြုလုပ်ခဲ့တာမဟုတ်ဘဲ ၈ မိုင်ဘက်မှာလို့ ကြားသိရကြောင်း အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။

လောလောဆယ်မှာ ဒီဘာသာရေးအခမ်းအနားကိုတက်ခဲ့တဲ့ အင်းစိန်မြို့နယ်ထဲက ကိုဗစ်၁၉ အတည်ပြုလူနာ ငါးဦးကို ဝေဘာဂီဆေးရုံကိုပို့ဆောင် ထားသလို ဒီလူနာတွေနဲ့ ထိတွေ့ခဲ့တဲ့သူ စုစုပေါင်း ၁၆ ဦးကို သီးသန့်ထားပြီးကန့်သတ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

BBC Burmese

Add a Comment

Your email address will not be published. Required fields are marked *