ထိုင်းမှ ခိုးပြန်လာသူများကို သယ်ပို့သည့် စက်လှေသမားများအား အရေးယူမည်

ထိုင်း- မြန်မာနယ်စပ် တလျှောက်တွင် COVID – 19 ရောဂါကြောင့် သွားလာမှု ပိတ်ထားသည့်ကြားမှ ခိုးပြန်နေသူများကို ကြိုလာသည့် စက်လှေသမားများအား Quarantine ကာလအပြီး တည်ဆဲ ဥပဒေများဖြင့် အရေးယူမည်ဟု ကော့သောင်း အုပ်ချုပ်ရေးမှူးထံမှ သတင်း ရရှိသည်။

ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း က “နေရပ်ပြန်အလုပ်သမားတွေ၊ တဖက်နိုင်ငံက လူတွေကို ခိုးသွင်း တဲ့ ဟာတွေရှိတယ်။ ခိုးသွင်းလာတာတွေကို လိုက်ပါလာသူရော၊ စက်လှေမောင်းသမားပါ ဖမ်းပြီး Facility Quarantine ပို့ ထားမယ်။ ပို့ပြီးမှ သူ့သတ်မှတ်ရက် ပြည့်ပြီးရင် နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ အရေးယူမှာဖြစ်တယ်”ဟု ဧရာဝတီ သို့  ပြောသည်။

မြန်မာနိုင်ငံဘက်မှ ထိုင်းဘက်သို့ ဈေးသွားဝယ်ရန် (သို့မဟုတ်) ဈေးရောင်းရန် တရားဝင်ခွင့်ပြုထားသည့် စက်လှေ အစီးရေ ၃၀ ရှိကြောင်း၊ တဖက်သို့ ကူးသန်းသွားလာမည် ဆိုပါက ရေကြောင်းဦးစီးကနေ ထွက်မည့်စာရင်းကို (ဘကဖ)ကို ပေးရပြီး စစ်ဆေးမှုခံယူရကြောင်း သိရသည်။

ထိုသု့ိ စစ်ဆေးအပြီး ရေထဲရောက်ပါက ရေကြောင်းရဲ (ဘကဖ)က တရားဝင် လွှတ်သည့် စာ ဟုတ်၊ မဟုတ်ကို ထပ်မံ စစ်ဆေးပြီးမှ တဖက်နိုင်ငံသို့ သွားခွင့်ပြုကြောင်း၊ ဈေးရောင်း ဈေးဝယ်ပြန်လာပါကလည်း ထိုနည်းတူ ထပ်မံပြုလုပ်ရပြီး ထိုခွင့်ပြုချက်ကို မလိုက်နာပါက အရေးယူမည်ဟု ဦးဇော်လင်းထွန်းက ဆိုသည်။

ယခု ရက်ပိုင်းအတွင်း စည်းကမ်းမလိုက်နာသည့် စက်လှေ ၂စီးကို ဖမ်းဆီးထားကြောင်း၊ အဆိုပါလှေပေါ်တွင် ပါလာသည့် ခိုးဝင် သူများနှင့် စက်လှေ မောင်းသမားကို Facility Quarantine ပို့ထားကာ စက်လှေကို ကမ်းနားရှိ ရေကြောင်းရဲ နှင့် စက်လှေ ဥက္ကဋ္ဌ ထံ အပ်နှံထားကြောင်း သိရသည်။

စက်လှေပေါ် ပါလာသူ အရေအတွက်ကို အတိအကျ မပြောသော်လည်း စက်လှေ ၁ စီးလျှင် ၁၀ ဦးခန့် ပါလာနိုင်ကြောင်း စက်လှေသမား တချို့က ပြောသည်။

ကော့သောင်းမြို့နယ်တွင် ထိုင်းနိုင်ငံဘက်သို့ ဝင်ထွက်သည့် ထွက်ပေါက်များစွာရှိသော်လည်း တရားဝင် ဂိတ်ပေါက် ၃ခု ရှိကြောင်း၊ လက်ရှိတွင် အဆိုပါဂိတ်ပေါက်များကို ခိုးဝင်သူမရှိစေရန် သက်ဆိုင်ရာ ရပ်ကျေးများ၊ ရေကြောင်း ရဲများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး မြို့မဂိတ်တခုသာ တရားဝင် ဖွင့်ထားကြောင်းလည်း ဆိုသည်။

ဦးဇော်လင်းထွန်းက“Quarantine ရက်ပြည့်သွားရင် စက်လှေသမားကို ဒေသန္တရ အမိန်တို့၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့နဲ့ အရေးယူမှာပါ။ အဓိကကတော့ တရားမဝင်တဲ့ ခိုးဝင်သူတွေ ပါလာမှာစိုးလို့ အခုလိုတင်းကျပ် လိုက်တာ ပါ”ဟု ပြောသည်။

ကော့သောင်းမြို့နယ်တွင် Quarantine စင်တာ ၁၁ ခု ဖွင့်လှစ်ထားပြီး Quarantine ဝင်သူ ၂၀၀ ကျော်ရှိသည်ဟု ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED) အလုပ်သမား ပညာပေးစင်တာမှ သိရသည်။

မြန်မာနိုင်ငံ တောင်ပိုင်းရှိ ကော့သောင်းမြို့နယ်တွင် ထိုင်းဘက်သို့ နေ့စဉ်ကူးသန်း သွားလာနေသည့် စက်လှေပေါင်း ၂၅၀ မှ ၃၀၀ အထိ ရှိကြောင်း၊ စက်လှေ ၁ စီးကို လူ ၁၀ ဦးပါပြီး ပုံမှန်အားဖြင့် လူ ၁ ဦးလျှင် ဘတ် ၅၀ (မြန်မာငွေကျပ် ၂ထောင် ကျော်)ပေးရသော်လည်း ခိုးကူးလာသူများက ကြိုက်ဈေးဖြင့် သွားလာနေပြီး အကြမ်းအားဖြင့် စက်လှေတစီးလျှင် ဘတ် ၁၅၀၀ ခန့် (မြန်မာငွေ ၅သောင်းနီးပါး) ပေးရကြောင်း စက်လှေမောင်းသည့် မောင်တိုးမောင်က ရှင်းပြ ပြောဆိုသည်။

သတင်း- လဲ့လဲ့(ဧရာဝတီ)

Add a Comment

Your email address will not be published. Required fields are marked *