ပရိသတ်တွေမှင်သက်သွားမယ့် အချက်နဲ့လက်ထိဘောစည်းမျဉ်းအသစ်
|ဘောလုံးပွဲတွေပြန်စဖို့ သက်ဆိုင်သူတွေက ကြိုးစားနေကြချိန်မှာ ဘောလုံးစည်းမျဉ်းအသစ်တွေကလည်း ပိုကောင်းဖို့ ရေးဆွဲသူတွေကလည်း ကြိုစားနေကြပါတယ်။ လိဂ်တွေပြန်စနိုင်မယ့်အချိန်ကို မသိသေးပေမဲ့ စည်းမျဥ်းရေးဆွဲသူတွေဘက်ကတော့ အံ့အားသင့်ဖွယ်ရာ စည်းမျဥ်းတွေကို အတည်ပြုဖို့ တင်သွင်းလိုက်ပါပြီ။ အဲဒီထဲမှာ လက်ထိဘောစည်းမျဉ်းအသစ်တွေလည်း ပါလာခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် ဘုတ် (ifab) ကနေ အင်္ဂလန်မှာရှိတဲ့ လိဂ်လေးခုကို လာမယ့် (၂၀၂၀-၂၁)မှာ သုံးဖို့ဥပဒေစည်းမျဉ်းအသစ်တွေကို ပေးပို့ခဲ့ပါတယ်။ လိဂ်တွေက စည်းမျဥ်းတွေကို ကြည့်ရမှာဖြစ်ပြီး၊ သုံးဖို့အတည်ပြုချင်တဲ့စည်းမျဉ်းတွေကို တညီတညွတ်တည်း ပြန်ပို့ရမှာပါ။ အဲဒီထဲမှာ လက်ထိဘောနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေလည်းပါလာခဲ့ပြီး အံ့အားသင့်ဖို့ ကောင်းခဲ့ပါတယ်။
အဲဒါက လက်ထိဘောထိမထိကို ဆုံးဖြတ်တဲ့အခါမှာ ပုခုံးနဲ့ လက်မောင်းကြားမှာရှိတဲ့ ဂျာစီအဆက်ကလေးကို ကြည့်ပြီး ဂျာစီအဆက်ကလေးရဲ့ အောက်ကိုထိရင်လက်ထိဘော၊ အပေါ်ကိုထိရင် ပုခုံးဘော (တနည်း လက်ထိဘောမဖြစ်) ဆိုပြီးတော့ပါ။ စည်းမျဉ်းဆွဲတဲ့သူတွေကတော့ ကြိုက်တာရွေးဖို့ ပို့ပေးထားပေမဲ့ အဆိုပါစည်းမျဉ်းကိုသာ လိဂ်တွေဖက်က သဘောကျတယ်ဆိုပြီး အတည်ပြုခဲ့ရင် ပြဿနာရှိလာပါတယ်။
တချို့ဂျာစီတွေက ဂျာစီအဆက်မပါသလို ဒိုင်တွေမမြင်ခဲ့ရင်လည်း VAR ပြန်ကြည့်ရမယ့်သဘောပါ။ ဒါ့အပြင် Hand To Ball ဖြစ်ဖြစ် Ball To Hand ဖြစ်ဖြစ် အဆိုပါစည်းမျဉ်းနဲ့ချိန်လိုက်ရင် ဂျာစီအဆက်ကပဲ အရေးကြီးနေမှာဖြစ်တဲ့အတွက် နားလည်ရခက်ခက်ပါပဲ။ စည်းမျဉ်းတွေကို သက်ဆိုင်ရာလိဂ်တွေကအတည်ပြုပြီးတာနဲ့ နောက်ရာသီစတယ်လို့ သတ်မှတ်ထားတဲ့ ဇွန် (၁)မှာ အသက်သွင်းမှာဖြစ်ပါတယ်။
လက်ရှိမှာ အဆိုပါစည်းမျဉ်းကို အကျေအလည်ဆွေးနွေးနေကြပြီး The “T-shirt line” လို့ခေါ်တွင်ထားတဲ့ စည်းမျဉ်းဟာ ပရိသတ်တွေကို ဖမ်းစားဦးမှာပါ။ အကြောင်းက ပုခုံးသေးတဲ့ကစားသမားတွေဟာ လက်ထိဘောမကြာခဏဖြစ်လာဖို့ရှိနေလို့ပါပဲ။ အတည်ပြုမပြုကိုတော့ လိဂ်ဖက်က အကြောင်းပြန်ရမှာဖြစ်ပါတယ်။
Crd အားဘောင် (BTSports)