ကြည့်ရှုသူ ၁ သန်းကျော်ရှိနေသည့် “၁၀ တန်းကျောင်းသား Vs. Corona” သီချင်း (ရုပ်သံ)
|လတ်တလော ကပ်ဘေးတခုလို ဖြစ်နေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတလွှားက လူပေါင်းများစွာအပါအဝင် မြန်မာနိုင်ငံသားတွေဟာလည်း နေအိမ်တွေထဲ နေထိုင်နေကြရပါတယ်။ ဒီအခြေအနေမှာ အနုပညာရှင်တွေက တတ်စွမ်းသမျှ အနုပညာအားနဲ့ အိမ်ထဲကနေ သီဆိုဖျော်ဖြေမှုတွေ လုပ်နေကြသလို အွန်လိုင်းပေါ်မှတဆင့် ပြန်လည်မျှဝေမှုတွေနဲ့ စိတ်ခွန်အားပေးတဲ့ ရုပ်သံဗွီဒီယိုဖိုင်တွေကိုလည်း ထုတ်လွှင့်နေကြတာပါ။
အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ ဆယ်တန်းကျောင်းသားလေးတယောက်ရဲ့ အိမ်တွင်း သီဆိုဖျော်ဖြေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော ထွက်လာပြီး နာရီပိုင်းအကြာမှာပဲ အွန်လိုင်းပေါ် နာမည်ကြီးနေခဲ့တာပါ။
“(၁၀)ဆယ်တန်းကျောင်းသား Vs. Corona” လို့ အမည်ပေးထားတဲ့ ဒီသီချင်းရုပ်သံကို သီဆိုဖျော်ဖြေခဲ့သူကတော့ James Joshua ဆိုတဲ့ ကျောင်းသားလေးတယောက်က သူ့ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ မျှဝေထားတာပါ။
သိပ်မကြာခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲ ဖြေဆိုပြီးစီးသွားခဲ့ချိန်မှာ ကျောင်းသားတယောက်အနေနဲ့ ကပ်ဘေးကာလမို့ အိမ်ပြင်မထွက်ရဘဲ နေထိုင်ရတဲ့ ခံစား ချက်တွေနဲ့ ကိုယ်တိုင်ဖန်တီးရေးဖွဲ့ထားတယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ အစိုးရကျန်းမာရေးဌာနက ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အများပြည်သူကို ကျန်းမာရေးအသိပညာပေးမှုတွေ၊ သတင်းအချက်အလက်တွေ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးနေသလို လက်ဆေးဖို့၊ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြဖို့၊ တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေထိုင်ကြဖို့၊ အပြင်သွားရင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားကြဖို့ စတဲ့ အချက်အလက်တွေဟာလည်း အရေးကြီးလှပါတယ်။
ဆယ်တန်းကျောင်းသားလေး James Joshua ရဲ့ အတွေးအရေးနဲ့ ဒီသီချင်းရုပ်သံ ဗွီဒီယိုဖိုင်ကို အွန်လိုင်းပေါ်မှာ ပရိသတ်တွေက ချီးကျူးအားပေနေကြတာပါ။ အဖြူအစိမ်းကျောင်းဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်သံကို မိခင်ဖြစ်သူက ဖုန်းတလုံးတည်းနဲ့ ရိုက်ကူးပေးထားခဲ့တာလို့ ဆိုပါတယ်။ လတ်တလောမှာတော့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။