စင်္ကာပူမှာ ကိုဗစ်ကူးနေတဲ့ မြန်မာနိုင်ငံသား ၂၂ နှင့် ထိုင်းတွင် မြန်မာနိုင်ငံသား ၉ ဦးရှိလာ


ဧပြီလ(၁၀)ရက် သောကြာနေ့ တရက်ထဲမှာတင် စင်္ကာပူနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ လူနာအသစ် (၂၀၀)နီးပါး ရုတ်တရက် တိုးလာပြီး၊ သေဆုံးသူ နောက်တဦး ရှိလာတာကြောင့် အာဏာပိုင်တွေ ရော စင်္ကာပူက လူထုကြားမှာပါ စိုးရိမ်မှု ပိုတိုး လာနေတာပါ။
” အခု ဒီနေ့ထိ ဆိုလို့ရှိရင် ၂၂ ယောက်ကူးစက်ထားတယ် မြန်မာတွေထဲက ။ အဲဒီထဲမှာ ၃ ယောက်ကတော့ ပြန်ကောင်းသွားတယ်။ ၁၉ ယောက်ကတော့ ခုထိ ဆေးရုံပေါ်မှာ ရှိတုန်းပဲ။ ”
” အခု အဓိက ပြသနာက ဘင်္ဂလားရော အိန္ဒိယ ရော မြန်မာတွေ ရော၊ သူတို့တွေက ဘယ်မှာ နေရလဲဆိုရင် dormitories ဆိုတာ အဲဒါတွေက အလုပ်သမားဂေဟာတွေပေါ့ ၁၀ ပေ ၁၅ ပေလောက် အခန်းမှာကို နှစ်ထပ်အိပ် ကုတင်တွေနဲ့ ၇ ယောက် ၈ ယောက်လောက် နေရတယ်။ အခုဒီလို lockdown လုပ်ရတဲ့ ပြသနာ အဓိကက ဘာလဲဆိုတော့ အလုပ်သမားဂေဟာ တွေမှာ ကူးစက်မှုတွေ တွေ့တယ်။ အဲဒီခါကျတော့ သူတို့တွေ စျေးဝယ်နေကျ ဖြစ်တဲ့ မူစတာဖာ ဆိုတဲ့ကုန်တိုက် ကနေ ပြန့်လာတယ်ဆိုပြီးတော့ အဲဒီကုန်တိုက်ကြီးကိုပါ အခု ပိတ်ထားလိုက်တယ်။”
စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ကတော့ နိုင်ငံခြားသား အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးအတွက် အနီးကပ် အလေးထား ဆောင်ရွက်နေကြောင်း သောကြာနေ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။
” ဒီကိစ္စက Lockdown တော့ မဟုတ်သေးဘူးဗျ ၊ ဒီဥစ္စာက Circuit Breaker ပေါ့ဗျာ ၊ သူက ကဏ္ဍအလိုက် ဖြုတ်ချပစ်ဖို့ ကြိုးစားတာပါပဲ။ သိပ်အရေး မကြီးတဲ့ ဆုံးရှုံးမှု မကြီးမားတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းပစ်မယ် မရှိမဖြစ်လိုအပ်တဲ့ အလုပ်တွေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကြီးမားတဲ့ အလုပ်တွေကို ကန့်သတ်ချက်တွေနဲ့ ဆက်ပြီး လုပ်မှာပေါ့ဗျာ ဒါကို သူတို့က Circuit Breaker လို့ခေါ်တာပါ။ ”
” ဒီဟာပြီးလို့ရှိရင် အလုပ်အကိုင် အခြေအနေ ဘာဖြစ်လာမလဲ ဆိုတာကတော့ စိုးရိမ်ရတယ်။ အချို့ ကုမ္ပဏီတွေဆိုရင် အခု အလုပ်ပိတ်ထားတဲ့ဟာကို ကိုယ့်မှာရှိတဲ့ ခွင့်တွေ ယူခိုင်းလိုက်တယ်။ ခွင့်ကုန်ရင် unpaid လစာ ပေးချင်မှ ပေးမယ်။ ဒါက မသေချာ မရေရာဘူး၊ အဲ့ဒီအတွက်ပဲ လူတွေက စီးပွားရေးအတွက် အလုပ်အကိုင်အတွက် နည်းနည်းစိုးရိမ်မှု ရှိကြတယ်။ ဒါပေမဲ့ အစိုးရကလည်း အလုပ်ရှင်တွေကို ဒီပိတ်ထားတဲ့ တလမှာ တတ်နိုင်ရင် အလုပ်သမားတွေကို မဖြုတ်ပါနဲ့ .. ဒီတလစာအတွက် လစာရဲ့ ၇၅% ကို သူတို့အစိုးရက စိုက်ပေးမယ် ပြောတယ်။ ကျန်တဲ့ ၂၅%ကို အလုပ်ရှင် ကုမ္ပဏီတွေဘက်က စိုက်ပြီး ဝန်ထမ်းတွေရဲ့ အခြေခံလစာကို ပေးထားဖို့ အစိုးရက တိုက်တွန်းထားတယ်။”
အခုဆိုရင် စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း (၂၁၁၀) ဝန်းကျင် ရှိပြီး သေဆုံးသူ (၈) ဦး ရှိနေပါတယ်။

ထိုင်းနိုင်ငံတွင်း Corona ဗိုင်းရပ်ရှိတဲ့ ဓါတ်ခွဲအတည်ပြုသူစာရင်းထဲမှာမြန်မာအလုပ်သမား ၉ယောက်လို့ သိရတယ်။ အားလုံးပေါင်း ဖြစ်တဲ့သူအားလုံးပေါင်းကတော့ ထိုင်းတနိုင်ငံလုံးက ၂ထောင်ကျော်ရှိတယ်။ မြန်မာသံရုံးက မြန်မာအလုပ်သမားသံအရာရှိ ရနောင်းက တာဝန်ရှိသူနဲ့တော့၂ရက်တခါ၊ ဆက်သွယ်ပြီးအခြေအနေတွေကို ဆွေးနွေးပြောဖြစ်တယ်။ ဒီနေ့ ၂ ယောက်ထပ်တိုးတယ်တဲ့ ဘယ်သူတွေလဲဆိုတာတော့အတိအကျမသိရဘူး။ အလုပ်သမားတွေကတော့ ကြိမ်းသေပေါက်ကအတိအကျပါတယ် ပထမဦးဆုံး  ၂ ယောက်ဖြစ်ကတည်းကပေါ့ ဝန်ဆောင်မူပေးတဲ့လုပ်ငန်းတွေကဆိုတာပဲသိတယ်။ ဘယ်ကလဲဆိုတာတော့မသိရဘူး။”
ထိုင်းအုပ်ချုပ်ရေးအဖွဲဝင်တွေကတော့ သူတို့နယ်မြေတွေမှာ၊ ကာကွယ်ရေးအတွက်ဆေးဖြန်းတာတွေလုပ်တာတွေရှိပေမဲ့ မြန်မာတွေကိုအသိပညာပေးဖို့က အခုချိန်မှာ အခက်အခဲတွေဖြစ်နေတယ်လို့လည်းဆိုပါတယ်။ ဒီအတွက်မြန်မာတွေကြားမှာ ကူးစက်မူတွေ ဘယ်လောက်ရှိနေပြီလဲဆိုတာလည်း ခန့်မှန်းဖို့ခက်တယ်လို့ဆိုပါတယ်။
“ရပ်ကွက်တွေမှာတော့အုပ်ချုပ်ရေးအဖွဲဝင်တွေကတော့ အကူညီပေးတာဆေးဖြန်းတာလုပ်တယ်။ သို့သော်မြန်မာလူထုတွေဘက်သွားဖို့ကျတော့ လုပ်ဖို့ ကျနော်တို့ကလုပ်ပေးချင်ပေမယ့်၊ မလုပ်ပေးနိုင်ဘူးဖြစ်တယ်။ ကျနော်တို့ကျတော့လည်းကူညီချင်ပေမဲ့ ၂ယောက်ထက်ပိုပြိးထွက်လို့မရဘူး။ လူစုလို့လည်းမရဘူး။ မြန်မာအလုပ်သမားတွေ ထဲမှာ အဲဒီလိုဖြစ်နေပြီဆိုတာမသိနိုင်ဘူး။ ဘယ်လောက်ဖြစ်နေလဲ ကူးစက်နေလဲဆိုတာမပြောနိုင်ဘူး။ ဖြစ်လာပြီဆိုရင်လည်းမြန်မာအလုပ်သမားတွေကိုခွဲခြားဆက်ဆံတဲ့ပြသာနာတွေကိုကြုံရအုံးမယ်။”
ထိုင်းနိုင်ငံထဲမှာမြန်မာအလုပ်သမား ၃သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး၊ ထိုင်းတောင်ပိုင်းက ဖူးခက်လိုနေရာတွေမှာ အလုပ်လုပ်ကိုင်နေသူတွေကအများအပြားရှိနေတာပါ။ ဖူးခက်ခရိုင်မှာတော့ ကူးစက်မူတွေများတာကြောင့်တခြားခရိုင်တွေထက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးကို တင်းတင်းကြပ်ကြပ်လုပ်ထားလို့ဆိုပါတယ်ရှင်။
သတင်း -VOA Burmese

Add a Comment

Your email address will not be published. Required fields are marked *