ကျန်းမာရေး ဝန်ထမ်းတွေကို ထိထိရောက်ရောက် ပံ့ပိုးပေးနေတဲ့ မန်ချက်စတာ ယူနိုက်တက်

ကိုဗစ်-19 ကပ်ရောဂါဆိုးကို တွန်းလှန် တိုက်ခိုက်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ထောက်ပံ့ ကူညီမယ့် အစီအစဉ်သစ်တွေကို မန်ချက်စတာ ယူနိုက်တက် အသင်းက ကြေညာလိုက်ပါတယ်။

အင်္ဂလန် နာမည်ကြီး ဘောလုံးကလပ်ဟာ အမျိုးသား ကျန်းမာရေးဌာန (NHS)ရဲ့ ဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်း တော်တော်များများကို ပံ့ပိုး လှူဒါန်းပေးထားပါတယ်။ ပြီးတော့ NHS ဝန်ထမ်းတွေ နောက်ထပ် လိုအပ်လာမယ့် ကိစ္စတိုင်းအတွက် နားစွင့်ပေးနေမယ်လို့ အသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် အသင်းပိုင် ဘတ်စ်ကားတွေ အပါအဝင် ယာဉ် ၁၆ စီးကိုလည်း NHS ဝန်ထမ်းတွေအတွက် အကြိုအပို့ ကဏ္ဍမှာ စိတ်တိုင်းကျ အသုံးပြုနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။ ကားတွေကို မောင်းနှင်ပေးမယ့် စေတနာ့ဝန်ထမ်း ယာဉ်မောင်းတွေကိုလည်း ယူနိုက်တက်က ဆက်သွယ်ပြီး ချိတ်ဆက်ပေးထားမယ်လို့ ဆိုပါတယ်။

ဆဲလ်ဖို့ဒ်ရိုင်ရယ်လ် ဆေးရုံကိုတော့ PPE အကာအကွယ် ဝတ်စုံတွေ၊ နှာခေါင်းစည်းတွေ အပါအဝင် လိုအပ်တဲ့ ဆေးဝါး အထောက်အပံ့ အသုံးအဆောင်တွေကို ယူနိုက်တက်က စတင် ပေးပို့နေပြီ ဖြစ်ပါတယ်။ ပြီးတော့ အသင်းရဲ့ ဝန်ထမ်းတွေ အနေနဲ့လည်း NHSရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ စေတနာအလျောက် ပါဝင် လုပ်အားပေးဖို့လည်း ယူနိုက်တက်က တိုက်တွန်း ဆော်ဩထားပါတယ်။

ပြီးတော့ အသင်းပိုင် အိုးလ်ထရက်ဖို့ဒ် ဘောလုံးကွင်းကြီးကိုလည်း NHSက လိုအပ်ရင် အသုံးပြုနိုင်မယ့် နေရာတစ်ခုအဖြစ် စာရင်း ပေးသွင်းထားပြီးသားပါ။ ယူနိုက်တက်ပိုင် ကွင်းကြီးကို ယာယီ သွေးလှူဘဏ် တစ်ခုအနေနဲ့ ပြောင်းလဲ ဖွင့်လှစ်ဖို့ NHSက စီစဉ်ထားကြောင်းလည်း သိရှိရပါတယ်။

Sources From; manutd

Add a Comment

Your email address will not be published. Required fields are marked *