ကျန်းမာရေးစစ်ဆေးမှုကို မကျေနပ်သူတစုက ဓားဖြင့်ဝိုင်းခုတ်သဖြင့် ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ
|ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ကျန်းမာရေး လာရောက်စစ်ဆေးခဲ့တာကို မကျေနပ်သူ လူတစုက အုပ်စုဖွဲ့ပြီး ဓားနဲ့ဝိုင်းခုတ်တဲ့အတွက် အမျိုးသားတဦး သေဆုံးပြီး တဦး ဒဏ်ရာ (စိုးရိမ်ရ) ပြင်းထန်စွာ ရသွားပါတယ်။ ကြို့ပင်ကောက်မြို့နယ်မှာရှိတဲ့ တည်းခိုခန်းတစ်ခုမှာ လူအဝင်အထွက်များတဲ့အတွက် လာစစ်ပေးဖို့ ပတ်ဝန်းကျင်က တိုင်ကြားတဲ့အတွက် သက်ဆိုင်ရာ ရာအိမ်မှူးနဲ့ တာဝန်ရှိသူ တချို့က သွားရောက်ဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ ဖြေရှင်းပြီး နောက်တနေ့မှာတော့ တည်းခိုခန်းဝင်စစ်တာကို မကျေနပ်တဲ့ လူတစုက ရာအိမ်မှူးအိမ်ကို လာရောက်တိုက်ခိုက်ခဲ့ကြတာလို့ ကြို့ပင်ကောက်မြို့မရဲစခန်း၊ စခန်းမှူး ဒုရဲမှူးကျော်သန်းနိုင်က ပြောပါတယ်။
“အဲဒီဖြစ်စဉ်က လိုင်းပေါ်တောင်ပြန့်နေပြီ။ ဟုတ်တယ်။ အဲဒီဖြစ်စဉ်က အမှန်ပဲ။ အမှုဖွင့်ထားတယ်။ အဓိက တရားခံတွေကို လိုက်ဖမ်းနေတယ်။ အဓိက တရားခံက သုံးယောက်ပေါ့” လို့ ဒုရဲမှူးက ပြောပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ရာအိမ်မှူးရဲ့ တူဖြစ်သူ သေဆုံးခဲ့ရပြီး ကျန်တဦးဟာလည်း ဒဏ်ရာပြင်းထန်တာကြောင့် ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းကုသနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါရာအိမ်မှူးရဲ့ နေအိမ်က ရွှေထည်နဲ့ ငွေသား ကျပ် သိန်း ၄၀ ကျော်လည်း ပျောက်ဆုံးနေတယ်လို့ ကြို့ပင်ကောက်မြို့နယ် တိုင်းလွှတ်တော်အမတ် ဦးအောင်ကိုမင်းက ပြောပါတယ်။
ထက်ဝေအောင် DVBB TV News