ကားသမားများ စွန့်ပစ်ခဲ့သော မြန်မာလုပ်သားများကို ထိုင်းက ကူညီ
|ထိုင်းနိုင်ငံ လမ်းခုလပ် တစ်နေရာတွင် ကားသမားများ စွန့်ပစ်ခြင်းခံရသည့် မြန်မာနိုင်ငံမှ အမျိုးသားနှင့် အမျိုးသမီး ၆၃ ဦးကို ကြာသပတေးနေ့က ထိုင်းအာဏာပိုင်များ ကူညီခဲ့သည်။
ယင်း မြန်မာနိုင်ငံသားများကို ဘန်ကောက်မြို့မှ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို အပြန် တာ့ခ်ခရိုင်အတွင်းရှိ လမ်းဘေးကားမှတ်တိုင်နှင့် ဓာတ်ဆီဆိုင်များတွင် ကားသမားများက စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည့် မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။
သတင်းဖော်ပြချက်အရ မြန်မာနိုင်ငံသား အားလုံးကို တာ့ခ်ခရိုင် မြို့တော်ဝန် Ansit Sampantharat နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ရေး ဘုတ်အဖွဲ့ အကြီးအကဲတို့က ကိုယ်တိုင် လာရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းသည် ဧပြီလ ၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရောဂါထိန်းချုပ်ရေး ဘုတ်အဖွဲ့ ၏ ထုတ်ပြန်ချက်ကို ဖောက်ဖျက်ရန် ကြောက်ရွံ့နေသည့်အတွက် အခုလိုလုပ်တာဖြစ်နိုင်ကြောင်း Ansit Sampantharat ၏ ပြောကြားချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားသည်။
တာ့ခ်ခရိုင်အတွင်း မြန်မာနိုင်ငံသားနှင့် လူနည်းစု တိုင်းရင်းသားများ ခရီးသွားလာခွင့်ကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး အရေးပေါ်တားမြစ်မှုဥပဒေကို ချိုးဖေါက်ပါက ထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ငွေ ဘတ် (၁၀၀,၀၀၀) အထိ ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း ယခု ဧပြီလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ဒီအပြင် မြန်မာပြည်သား အားလုံးကို တာ့ခ်ခရိုင်မှ မဲဆောက်သို့ ပြေးဆွဲနေသည့် လိုင်းကား တစ်စီးကို ငါးဦးနှုန်းဖြင့် စီးကာ မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်ပေးမည့်ဖြစ်ကြောင်း သိရသည်။
သတင်း – သန်းထိုက်ဦး Mizzima Burmese