COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ပျက်စီးမှုများအတွက် တောင်းပန်ပြီး နစ်နာကြေးပေးရန် တရုတ်ကွန်မြူနစ်ပါတီအား ကာဒီနယ် ချားလ်စ်မောင်ဘိုက တောင်းဆို

မြန်မာနိုင်ငံ၏ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုက တရုတ်အစိုးရအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့်ဖြစ်ပေါ်ခဲ့သော ထိခိုက်ပျက်စီးမှုများအတွက် ကမ္ဘာ့နိုင်ငံများအား တောင်းပန်ရန်နှင့် နစ်နာကြေးပေးရန် တောင်းဆိုလိုက်ပြီး လိမ်ညာမှုများနှင့် ဝါဒဖြန့်မှုများက လူသန်းပေါင်းများစွာ၏ အသက်ကို အန္တရာယ်ကျရောက်စေကြောင်း ပြောဆိုလိုက်သည်။

ကာဒီနယ် ချားလ်စ်မောင်ဘိုက “ပြုလုပ်ခဲ့တဲ့အရာတွေနဲ့ မအောင်မြင်ခဲ့တဲ့ ကိစ္စရပ်တွေအတွက် တာဝန်ယူရမယ့် အစိုးတစ်ရပ်ရှိပါတယ်၊ အဲဒီအစိုးရကတော့ ဘေကျင်းက တရုတ်ကွန်မြူနစ်ပါတီ (CCP) ပဲဖြစ်ပါတယ်” ဟု UCA (Union of Catholic Asian News ) ၏ ဖော်ပြချက်တွင် ပါရှိသည်။

“CCP က ကိုရိုနာဗိုင်းရပ်စ်ကို လူသားမဆန်စွာနဲ့ တာဝန်မဲ့စွာကိုင်တွယ်ပြီးတော့ အရင်က ထင်ထားသလိုပဲ  ကမ္ဘာကြီးကိုခြိမ်းခြောက်တယ်ဆိုတာ သက်သေပြလိုက်တာပါ ၊ တရုတ်နိုင်ငံက သမိုင်းတစ်လျှောက်လုံးမှာ ကမ္ဘာကြီးကို များစွာ အထောက်အကူပြုခဲ့ပြီး ကြီးကျယ်ခမ်းနားတဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ၊ ဒါပေမဲ့ ဒီနေ့အချိန်အခါမှာတော့  ဖိနှိပ်ချုပ်ချယ်မှုတွေ ရာဇဝတ်မှုမြောက်တဲ့ ပေါ့ဆမှုတွေကြောင့်  ကပ်ရောဂါကြီးကို ပျံ့နှံ့စေခဲ့တဲ့အတွက် သူ့အနေနဲ့ တာဝန်ရှိပါတယ် ” ဟု ကာဒီနယ်ချားလ်စ်မောင်ဘိုက ပြောသည်။

အာရှကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအဖွဲ့ (FABC) ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြည်သူများမပါဘဲ သမ္မတရှီကျင့်ဖျင်နှင့် CCP ခေါင်းဆောင်သော တရုတ်အစိုးရသည် ကပ်ရောဂါ ကြောင့်ဖြစ်သည့် ပျက်စီးဆုံးရှုံးမှုများအတွက် ကမ္ဘာ့နိုင်ငံများကို တောင်းပန်ပြီး လျော်ကြေးအားလုံးပေးရမည်ဖြစ်ကြောင်း ၊ အနည်းဆုံးအနေဖြင့် COVID-19 ကုန်ကျစရိတ်များကို ပြန်လည်ဖာထေးမိရန်အတွက် အခြားနိုင်ငံ များ၏ကြွေးမြီများကို ပယ်ဖျက်ပေးသင့်ကြောင်းနှင့် လူသားအားလုံးအတွက်အလို့ငှာ တရုတ်အစိုးရကို ဖြေရှင်းချက်ပေးခိုင်းရန် ကြောက်စရာမလိုကြောင်း ပြောထားသည်။

မကြာသေးမီနှစ်များအတွင်းက တရုတ်နိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့မှုကို တွေ့မြင်ခဲ့ရကြောင်း၊ ရှေ့နေများ၊ ဘလော့ဂါများ၊ အတိုက်အခံများနှင့်အရပ်ဘက်လူ့အဖွဲ့ အစည်းတက် ကြွလှုပ်ရှားသူများသည်လည်း  ပျောက်ဆုံးသွားကြကြောင်း၊ အထူးသဖြင့် တရုတ်အစိုးရသည် ဘာသာရေးကိုဆန့်ကျင်သောလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပြီး ထောင်နှင့်ချီသောဘုရားရှိခိုးကျောင်းများ၊ လက်ဝါးကပ်တိုင်များကို ဖျက်ဆီးလျက် အကျဉ်းစခန်းများတွင် အနည်းဆုံး ဝီဂါမွတ်စလင်တစ်သန်းခန့်ကိုလည်း ထောင်ချထားသည်ဟု ကာဒီနယ် ချားလ်စ်မောင်ဘိုက ဝေဖန်ခဲ့သည်။

ဆားဘီးယား သမ္မတဟောင်း Slobodan Milosevic အား တရားစွဲဆိုခဲ့သော ဝတ်လုံတော်ရရှေ့နေ့ Sir Geoffrey Nice QC က ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် လန်ဒန်ရှိလွတ်လပ်သောခုံရုံးတစ်ခုက CCP အား အကျဉ်းသား များထံမှ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ခိုးယူနေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ တစ်ချိန်က အာရှ၏  အဖွံ့ဖြိုးဆုံးမြို့ကြီးများအနက် တစ်မြို့ဖြစ်သည့် ဟောင်ကောင်တွင်လည်း လွတ်လပ်ခွင့်များ၊ လူ့အခွင့်အရေးများ နှင့်တရားဥပဒေစိုးမိုးမှုများ အကြီးအကျယ် ဆုံးရှုံးခဲ့သည်ဟု ကာဒီနယ်ချားလ်စ်မောင်ဘိုက ထောက်ပြပြောဆိုခဲ့သည်။

ထို့ပြင် ကာဒီနယ်ချားလ်စ်မောင်ဘိုက တာဝန်ယူရမည့်သူမှာ တရုတ်လူမျိုးများမဟုတ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီသာဖြစ်ကြောင်း၊ လက်ရှိကပ်ရောဂါနှင့်ပတ်သက်ပြီး တရုတ်လူမျိုးများကို အမုန်းပွား၍ မည်သူမျှ မတုံ့ပြန်သင့်ကြောင်း အလေးထားကာ ပြောဆိုလိုက်သည်။

၂၀၁၅ ခုနှစ်၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က  မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ်အဖြစ် ကာဒီနယ်ချားလ်မောင်ဘိုအား  ရဟန်းအမတ် ရွေးချယ်ပေးခဲ့သည်။ ထို့နောက်  ၂၀၁၈ ခုနှစ်တွင် အာရှတိုက်ကက် သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီးများအဖွဲ့ (FABC) ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၇ ခုနှစ်က ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့လာရောက်ခဲ့ချိန်တွင် ကာဒီနယ်ချားလ်စ်မောင်ဘိုက  ဧည့်ခံခဲ့သည်။

writer by Benedict Rogers

Mizzima Burmese

Add a Comment

Your email address will not be published. Required fields are marked *