သောင်ရင်းမြစ်ဖြတ်ကူးပြီး မြန်မာဘက် ခိုးဝင်မည့် တရုတ်အမျိုးသား ၄ ဦးကို ထိုင်းရဲ ဖမ်းဆီး


မဲဆောက်နယ်စပ်မှတဆင့် မြန်မာနိုင်ငံဘက်ကို ခိုးဝင်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို မနေ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီတရုတ်အမျိုးသား ၄ ယောက်ကို အမှတ် ၄ ခြေလျင်တပ်ရင်းက ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကင်းလှည့်စစ်ဆေးချိန်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး မဲဆောက်ခရိုင် မယ့်ကုဒေသထဲက ရွာတရွာမှတဆင့် သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ပြီး မြန်မာနိုင်ငံဘက်ကို ကူးဖြတ်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့ရဲ့နာမည်နဲ့ အချက်အလက်တွေကိုတော့ သတင်းမှာ ဖော်ပြမထားဘဲ လတ်တလောမှာတော့ မဲဆောက်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးဆီ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ သူတို့ ၄ ယောက်စလုံးမှာ နေထိုင်ခွင့်ဗီဇာသက်တမ်းကုန် ဆုံးနေတဲ့အတွက် ဘန်ကောက်ကိုသွားပြီး သက်တမ်းပြန်တိုးကာ တရုတ်နိုင်ငံကို ပြန်ဖို့ အကြံပေးခဲ့ချိန်မှာ သူတို့က သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ထိုင်းအစိုးရက ကမ္ဘာတလွှား ကပ်ရောဂါတခုလို ဖြစ်လာနေတဲ့ ကိုရိုနာ COVID-19 ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကနေ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မဲဆောက်-မြဝတီ နယ်စပ်မှတဆင့် တရားမဝင် ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတလွှား ဒီနေ့ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၆၅၉၈၅ ဦး၊ သေဆုံးသူ ၃၀၉၃၅ ဦးနဲ့ သက်သာပျောက်ကင်းလာသူ ၁၄၂၄၇၉ ဦး ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်ဒ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သတင်း – DVB Burmese

Add a Comment

Your email address will not be published. Required fields are marked *