တမူးမြို့၌ ပရိသတ် ၁၀၀ ကျော်ဖြင့် မင်္ဂလာပွဲကျင်းပသူ အမျိုးသားကို အမှူဖွင့်

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွား‌နေစဉ် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက် မင်္ဂလာလက်ထပ်ပွဲကျင်းပခဲ့သည့် အမျိုးသားတစ်ဦးသည် ၂၀၁၃ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဥပဒေအရ အမှူဖွင့်ခံခဲ့ရသည်။

တမူးခရိုင်၊ တမူးမြို့နယ်၊ ခမိတ်ကျေးရွာအုပ်စု ခွန်မွန်းနွံကျေးရွာနေ အမှူဖွင့်ခံရသူအမျိုးသားသည် အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံသို့ယခုလ ၁၇ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီး တမူးမြို့ မြို့မ(၁၃) ရပ်ကွက်နေ အသက် ၃၂ နှစ်အရွယ် မ—(ခ)— နှင့် ၂၈ ရက် နံနက် ၇ နာရီခန့်မှ မွန်းတည့် ၁၂ နာရီခန့်အထိခွန်မွန်းနွံကျေးရွာနေအိမ်တွင် လူစုလူဝေးဖြင့် မင်္ဂလာပွဲအခမ်းအနား ကျင်းပခဲ့သည်။

COVID-19ရောဂါပိုးတွေ့ရှိကြောင်း ပထမဆုံးသတင်းထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည့် ချင်းပြည်နယ် တီးတိန်မြို့နေ မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားကဲ့သို့ မဖြစ်စေချင်၍ အမှူဖွင့်အရေးယူရခြင်းဖြစ်ကြောင်း မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ပြောသည်။

“ရောဂါမပြန့်ပွားစေဖို့ ညွှန်ကြားချက်တွေ၊ ဒေသန္တရအမိန့်တွေ၊ တည်ဆဲဥပဒေတွေကို သိရှိဖို့၊ ဆောင်ရွက်ဖို့ ပြောခဲ့တယ်။ မင်္ဂလာပွဲကို ရက်ရွှေ့ကျင်းပဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း နှူတ်နဲ့ စာနဲ့ သတိပေးခဲ့တာကို  မလိုက်နာတဲ့အတွက် အမှူဖွင့်ရတာပါ။”ဟု မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“မင်္ဂလာပွဲကို လူ ၁၀၀ လောက် တက်တယ်လို့ သိရတယ်။”ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

ထို့ကြောင့် မောင်—(ခ)—-ကို တမူးမြို့နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၃ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားခဲ့သဖြင့် ယနေ့မတ် ၂၈ ရက်တွင် ယင်းဥပဒေပုဒ်မ(၃၀-က) အရ အမှူဖွင့်ထားသည်။

သတင်း – မြန်မာတိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *