ကိုရိုနာဗိုင်းရပ်စ် လူနာအသစ် နိုင်ငံခြားသူ(၁)ဦး အပါအဝင် (၃)ဦး ထပ်မံတွေ့ရှိ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ဓာတ်ခွဲအတည်ပြု လူနာအသစ် နိုင်ငံခြားသူ(၁)ဦး အပါအဝင် (၃)ဦး ထပ်မံတွေ့ရှိကြောင်း ဒီနေ့ (၂၇ရက် မတ်လ) ည (၁၂း၁၅) နာရီအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

အသစ်တွေ့ရှိတဲ့ လူနာတွေကတော့ ရန်ကုန်မှာ (၂၉ )နှစ်အရွယ် အမျိုးသား(၁)ဦး၊ အသက်(၆၀)အရွယ် အမျိုးသမီး(၁)ဦးနဲ့ နေပြည်တော် ကုတ်င(၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ (၅၈)နှစ်အရွယ် အမျိုသမီး (၁)ဦးတို့ဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ အမျိုးသမီး(၂)ဦး စတင်တွေ့ရှိလာချိန်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်နေ အသက်(၆၀)အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးကတော့ လတ်တလောနိုင်ငံခြားခရီးသွားခြင်းမရှိပဲ ပြည်တွင်းမှာပဲ ကူးစက်ခံရတာပါ။

နေပြည်တော်ကို ရောက်ရှိနေပြီး Hotel Quarantine နေထိုင်နေတဲ့ ဆွစ်ဇာလန်နိုင်ငံသူကတော့ ဆွစ်ဇာလန်နိုင်ငံမှာတုန်းက ဓာတ်ခွဲအတည်ပြုလူနာ ဖခင်ဖြစ်သူနဲ့ အနီးကပ်ထိတွေ့မှု ရှိခဲ့တယ်လို့ သိရပါတယ်။case-03 တတိယအတည်ပြုလူနာနဲ့အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကနေ ဝင်ရောက်လာသူ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်က အသက် (၂၉) နှစ်အရွယ် အမျိုးသား (၁) ဦးကလည်း အသွားအလာတားမြစ်ပိတ်ပင် စောင့်ကြပ်ကြည့်ရှုရာကနေ ဓာတ်ခွဲအတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အရင်က COVID-19 ဓာတ်ခွဲအတည်ပြုလူနာတွေအနေနဲ့ – (C-01) ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံမှာ အမေရိကန်ပြန် (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦး၊ (C-02) ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံမှာ အင်္ဂလန်ပြန် (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး၊ (C-03) အင်းစိန်ပြည်သူ့ဆေးရုံကနေ ဝေဘာဂီဆေးရုံကို ပို့ဆောင်ထားသူ အင်္ဂလန်ပြန် (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး၊ (C-04) မန္တလေး ကန်တော်နဒီဆေးရုံမှာ အမေရိကန်ပြည်ထောင်စုက ပြန်လာသူ (၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ (C-05) ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ ဝေဘာဂီအထူးကုဆေးရုံ အထူးကြပ်မတ်ဆောင်ကို ပို့ဆောင်ထားတဲ့ သြစတြေးလျနဲ့ စင်္ကာပူနိုင်ငံက ပြန်လည်ရောက်ရှိလာသူ (၆၉)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ရှိနေပြီး အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၈)ယောက် ရှိပြီ ဖြစ်ပါတယ်။

သတင်း – DVB TV NEWS

Tags:

Add a Comment

Your email address will not be published. Required fields are marked *