မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာအသစ် (၂)ယောက် ထပ်မံတွေ့ရှိ
|မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 လူနာအသစ် (၂)ယောက် ထပ်မံတွေ့ရှိကြောင်း ဒီနေ့ (၂၇ရက် မတ်လ) မနက် (၂) နာရီအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ အသစ်တွေ့ရှိတဲ့ စောင့်ကြည့်လူနာတွေကတော့ မန္တလေး ကန်တော်နဒီဆေးရုံမှာ အမေရိကန်ပြည်ထောင်စုက ပြန်လာသူ (၃၃)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သြစတြေးလျနဲ့ စင်္ကာပူနိုင်ငံက ပြန်လည်ရောက်ရှိလာသူ (၆၉)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ပဲ ဖြစ်ပါတယ်။
ပထမလူနာ (၃၃)နှစ်အရွယ် အမျိုးသားဟာ Qatar Airline နဲ့ မတ်လ ၁၉ ရက်မှာ ရန်ကု်မြို့ကို ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်မှာ တစ်ညအိပ်ခဲ့ကြောင်း၊ မတ်လ ၂၀ ရက်နေ့မှာ ရန်ကုန်ကနေ မန္တလေးကို ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်နဲ့ သွားခဲ့ပြီး ကားဂိတ်ကနေ ချမ်းမြသာစည် မြို့နယ် နေအိမ်ကို မီနီအိုးဝေယာဉ်နဲ့ သွားခဲ့ကြောင်း၊ မတ်လ ၂၂ ရက်နေ့ကစလို့ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရလို့ မန္တလေးပြည်သူ့ဆေးရုံကြီးကို သွားပြရာကနေ ကန်တော်နဒီဆေးရုံကို လွှဲပြောင်းကာ ဓာတ်ခွဲစစ်ဆေး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
အရင်က COVID-19 ရောဂါပိုးတွေ့ရှိသူအနေနဲ့ ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံမှာ အမေရိကန်ပြန် (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံမှာ အင်္ဂလန်ပြန် (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကနေ ဝေဘာဂီဆေးရုံကို ပို့ဆောင်ထားသူ အင်္ဂလန်ပြန် (၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို အတည်ပြုလူနာအဖြစ် ကုသမှုတွေ ပြုလုပ်နေပြီး အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ စုစုပေါင်း (၅)ယောက် ရှိပြီ ဖြစ်ပါတယ်။ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၊ အသွားအလာကန့်သတ်၊ စောင့်ကြပ်ကြည့်ရှုသွာမယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
DVB TV News