ထိုင်းတွင် COVID-19 ကာလ အင်တာနက် အခမဲ့ အသုံးပြုခွင့်ပြုရန် သဘောတူ
|လတ်တလော COVID-19 ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားနေတဲ့အချိန်မှာ အိမ်မှာပဲနေပြီး အလုပ်လုပ်တာကို အားပေးတဲ့အနေနဲ့ ထိုင်းအမျိုးသားအသံလွှင့်လုပ်ငန်းနဲ့ ကြေးနန်းဆက်သွယ်ရေးကော်မရှင် (National Broadcasting and Telecommunication Commission) က အင်တာနက် အခမဲ့ပေးသုံးဖို့ သဘောတူခဲ့ကြောင်း nationweekend သတင်းမှာ ဖော်ပြပါတယ်။
COVID-19 ကူးစက်ပြန့်ပွားမှုပပျောက်ရေးအတွက် အစိုးရက စီမံချက်အသီးသီး ချမှတ်ဆောင်ရွက်နေကြောင်း၊ အဲဒီထဲမှာ ပြည်သူတွေအနေနဲ့ အိမ်ပြင်မထွက်ဖို့၊ ခရီးသွားလာခြင်း မပြုဖို့၊ အိမ်ကနေပဲ အလုပ်လုပ်ဖို့ တိုက်တွန်း နှိုးဆောင်ထားကြောင်း၊ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေရဖို့ရောဆက်ဆံရေးကိစ္စတွေမှာပါ ဆက်သွယ်ရေးဟာ အရေးပါတဲ့အရာ ဖြစ်တယ်လို့ ထိုင်းအမျိုးသားအသံလွှင့်နဲ့ ကြေးနန်းဆက်သွယ်ရေးကော်မရှင် ဥက္ကဋ္ဌ နိုင်းဆုကစ် ခမဆွန်ထောင်းန်က သတင်းထောက်တွေကို ပြောပါတယ်။
ဒါကြောင့် သူတို့ကော်မရှင်အနေနဲ့ COVID-19 ကာလ ပြည်သူလူထု အသုံးစရိတ် သက်သာရေးကို ကူညီဖို့ရော၊ အိမ်ကနေပြီး အလုပ်လုပ်တဲ့ပုံစံကို အားပေးတဲ့အနေနဲ့ပါ ဆက်သွယ်ရေး အက်တာနက် အခမဲ့ကူညီပေးဖို့ မတ်လ ၂၃ ရက်နေ့က ဆွေးနွေးပြီး သဘောတူချက်ရခဲ့တယ်လို့ နိုင်းဆုကစ်က ဆက်ပြောပါတယ်။
အဆိုပါ သဘောတူချက်မှာ (၁) Mobile Brandband လက်ကိုင်ဖုန်း ကိုင်ဆောင်သူ ပြည်သူ တစ်ဦးကို ၁ လလျှင် အင်တာနက်လိုင်းအမြန်နှုန်း 10 GB နဲ့ အခမဲ့ ဝန်ဆောင်မှုပေးဖို့၊ (၂) Fixed Broadband အိမ်သုံးအင်တာနက် ADSL/VDSL/Copper အသုံးပြုသူတွေကို Capacity အမြန်နှုန်း 100Mbps စီ အခမဲ့ဝန်ဆောင်မှုပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေကို အစိုးရဝန်ကြီးများအဖွဲ့ အစည်းအဝေးမှာ တင်ပြသွားမှာ ဖြစ်ပြီး ဝန်ကြီးများအဖွဲ့ရဲ့ သဘောတူ အတည်ပြုချက်ရရင် အဲဒီနေ့ကစ ၂၀၂၀ ဇွန်လ ၃၀ ရက်အထိ ၃ လတာ အခမဲ့ ဝန်ဆောင်မှု ပေးသွားမယ်လို့ နိုင်းဆုကစ် ခမဆွန်ထောင်းန်က ပြောသွားပါတယ်။
Crd DVB