COVID-19 စောင့်ကြည့်လူနာနှင့် လူနာစောင့်တို့၏ လက်ကိုင်ဖုန်းများ ဆေးရုံတွင်အခိုးခံရ
|
မိတ္ထီလာ ၊ မတ် ၂၅ မိတ္ထီလာမြို့ အထွေထွေရောကုဆေးရုံကြီး အထူးရောဂါကုသဆောင်တွင် တက်ရောက်နေသော COVID-19 စောင့်ကြည့်လူနာနှင့် လူနာစောင့်တို့၏ လက်ကိုင်ဖုန်းများ အခိုးခံလိုက်ရသည်ကို မတ်လ (၂၅) ရက်နေ့ မနက် (၃)နာရီ ဝန်းကျင်ခန့်က သိရကြောင်း ကာယကံရှင် မိသားစုဝင်များထံစုံစမ်းသိရှိရသည်။ “လုံခြုံမှုမပေးနိုင်လို့ ဒီလိုဖြစ်တာ။ အိပ်ရာဘေးမှာထားတာကို ဝင်ခိုးသွားတာ။ နောက်ဘက်က သံဆန်ကာတွေကို ဖျက်ပြီး ဝင်လာတာတဲ့။အဆောင်က အပြင်က သော့တွေခတ်ထားတာ။ သူတို့ကလည်းညဉ့်နက်အောင် စကားတွေထိုင်ပြောနေတော့မနိုးဘူး။ ရန်မျိုးအောင်က သားအမိနှစ်ယောက်ရဲ့ အမေကလှမ်းမြင်လို့ သူခိုး သူခိုး ဆိုတော့ အတင်းထွက်ပြေးသွားတယ်တဲ့။ဆေးရုံက ပေးထားတဲ့ ဖုန်းနံပါတ်ကိုဆက်တော့ နောက်ထပ်မခိုးစေရပါဘူးလို့ ပြောတယ်။ ဖုန်းနှစ်လုံးရဲ့တန်ဖိုးက မြန်မာငွေခြောက်သိန်းကျော်တယ် ။ယိုးဒယားကဝယ်လာတာ။ အိုပို နဲ့ ဆမ်ဆောင်းဖုန်းပါ။” ဟုလူနာ၏ ဖခင်ရင်းဖြစ်သူ ဦးချောကပြောသည်။ ဖုန်းအခိုးခံရနှစ်ဦးမှာ မိတ္ထီလာမြို့နယ် အိုင်ကြီးလည်အုပ်စု ပျော်ဘွယ်လေးကျေးရွာမှ အသက် (၃၄) နှစ်အရွယ် အမျိုးသမီးလူနာနှင့် လူနာစောင့်အဖြစ် အတူရှိနေသော ညီမအရင်းတို့ ဖြစ်ကြောင်း ။၎င်းတို့နှင့် တစ်ရွာတည်းနေ အသက် (၂၀)အရွယ် အမျိုးသားလူနာနှင့် အသက်(၂၀) အမျိုးသမီးလူနာတစ်ဦး။ မိတ္ထီမြို့ ရန်မျိုးအောင်ရပ်ကွက်နေ အသက် (၂၇) နှစ်အရွယ် အမျိုးသမီးလူနာတစ်ဦးတို့ မှာလည်း လူနာစောင့်တစ်ဦးစီ နှင့်အတူ အထူးရောဂါကုသဆောင်တွင် ရောက်ရှိနေကြခြင်းဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောကြသည်။ ထိုင်းနိုင်ငံသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ပြီး မိတ္ထီလာမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသော အမျိုးသားတစ်ဦး နှင့် အမျိုးသမီး သုံးဦးတို့တွင် ကိုယ်အပူချိန် မြင့်မားနေကြောင်း သက်ဆိုင်ရာနယ်မြေ ကျန်းမာရေး ဆရာမများက စစ်ဆေးတွေ့ရှိပြီးနောက် မတ်လ (၂၂) ရက် ညပိုင်းက မိတ္ထီလာမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် COVID-19 စောင့်ကြည့်လူနာအဖြစ် တက်ရောက်နေကြရခြင်း ဖြစ်သည်။
Crd The Voice