ထိုင်းတွင် COVID-19 ကူးစက်မှုထိန်းချုပ်ရန် အရေးပေါ်ကာဖျူးအမိန့်ထုတ်ပြန်

ထိုင်းနိုင်ငံမှာ  COVID-19 ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကူးစက်ခံရသူတွေ နေ့စဉ် တိုးပွားလာတာကို အရှိန်မြှင့်ထိန်းချုပ်တဲ့အနေနဲ့ ထိုင်းဝန်ကြီးချုပ်က လမ်းပေါ်မထွက်ရ အရေးပေါ် အမိန့်ကို ဒီကနေ့ မတ် ၂၄  ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာ သတ်မှတ်ချိန်အတွင်း တာဝန်ရှိသူမှအပ မည်သူမဆို ခွင့်ပြုချက်မရဘဲ အပြင်မထွက်ရ။ မည်သည့်နေရာတွင်မဆို ဆူပူမှု၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်စေသည့် လူစုလူဝေးများ မပြုလုပ်ရ။ အရေးပေါ်အခြေအနေ ထုတ်ပြန်ကာလတွင်း အများပြည်သူ စိုးရွံ့ထိတ်လန့်စေသော၊ ထင်ယောင်ထင်မှားဖြစ်စေတဲ့ မဟုတ်မမှန် သတင်းအချက်အလက်များ ရေးသားထုတ်ဝေခြင်း၊ ဖြန့်ချိခြင်း၊ တင်ပြခြင်းများ မပြုလုပ်ရလို့ ပါရှိပါတယ်။

ဒါ့အပြင် တာဝန်ရှိသူမှအပ ကန့်သတ်ထားတဲ့ လမ်းမပေါ် မထွက်ရ၊ ယာဉ်များအသုံးမပြုရ ။  ကန့်သတ်ထားသည့် အဆောက်အဦများတွင် ဝင်ရောက်ခြင်း နေထိုင်ခြင်းများ မပြုရ။ စိတ်မချရသောဧရိယာတဝိုက် နေထိုင်သည့်ပြည်သူများအား ဘေးအန္တရာယ် ကင်းစေရန် ရွှေ့ပြောင်းခြင်း၊ သို့မဟုတ် ကန့်သတ်ထားသောနေရာသို့  ဝင်ရောက်မှုတားမြစ်တာတွေလည်း ပါဝင်ပါတယ်။

ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်ကို မလိုက်နာပါက ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၄၀၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမယ်လို့ ဆိုပါတယ်။

အဆိုပါထုတ်ပြန်ချက်တွေဟာ လာမယ့် မတ် ၂၆ ရက်နေ့မှာ စတင် အသက်ဝင်မှာ ဖြစ်ကြောင်း၊  တပြိုင်တည်းမှာပဲ တာဝန်ယူဆောင်ရွက်မယ့် ကော်မတီတွေ ဖွဲ့စည်းသွားမယ်လို့ ဝန်ကြီးချုပ် ပရယုဒ် ကျန်အိုးချားက ပြောပါတယ်။

သတင်း – DVB Burmese

Add a Comment

Your email address will not be published. Required fields are marked *