ထိုင်းမှ မြန်မာအများအပြား ပြည်တွင်းသို့ ဝင်ရောက်နေ၍ ရောဂါဖြစ်နိုင်ချေမြင့်မား

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားနေစဉ်။

ယခုအခါ COVID-19 ရောဂါသည် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၅)နိုင်ငံသို့ ကူးစက်ပြန့်ပွားနေပြီး ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအများအပြားသည် ပြည်တွင်းသို့ ဝင်ရောက်နေပြီ ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်းသို့ ရောဂါဝင်ရောက် ဖြစ်ပွားနိုင်ချေသည် ပိုမိုမြင့်မားလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားသည်ဟု အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်သည်။ မတ်၂၂ရက်ညနေ၅နာရီခွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၈/၂၀၂၀)တွင် ဝန်ကြီးကပြောကြားခဲ့ခြင်းဖြစ်သည်။

ပြန်လည်ဝင်ရောက်လာကြသူများသည် အလွန်များပြားသဖြင့် ၎င်းတို့အား သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ခြင်း (facility quarantine) ကိုဆောင်ရွက်ရန်မှာ မဖြစ်နိုင်သဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရမည်ဟု ၎င်းက ပြောသည်။

ထိုသူများအနေဖြင့် သတ်မှတ်ထားသည့် အချက်များကို အသိစိတ်ဓာတ်ရှိစွာဖြင့် တိကျစွာလိုက်နာကာ (၁၄) ရက်တာကာလအထိ နေအိမ်တွင် အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်ကြောင်း၊သို့မှသာ ရောဂါဖြစ်ပွားမှု ရှိပါက ချက်ချင်းသိရှိကာ လျင်မြန်စွာကုသမှုပေးနိုင်မည်ဖြစ်ပြီး မိမိ၏ မိဘ၊ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ရောဂါမကူးစက်စေရန် ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းကို ၎င်းတို့အား သေချာစွာပြောကြားအသိပေးရမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

နေအိမ်များတွင် အသွားအလာကန့်သတ်နေထိုင်သူများအနေဖြင့် နေ့စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် မဖြစ်မနေသတင်းပေးပို့ရမည်ဖြစ်ကာ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆောင်ရွက်ခြင်း ရှိ၊ မရှိကိုလည်း ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ညှိနှိုင်းပြီးသည်ဖြစ်၍ ဟိုတယ် အချို့ကို အသွားအလာကန့်သတ်ပြီးစောင့်ကြပ်ကြည့်ရှူမည့် နေရာ အဖြစ်သတ်မှတ်ကာ ဟိုတယ်များ၌ ထားရှိပြီး အသွားအလာကန့်သတ်ခြင်းကို ဆောင်ရွက်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများဆောင်ရွက်နေမှုများကို အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) နှင့် ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) တို့ပါဝင်သည့် အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ကြေညာထားသော COVID-19 ရောဂါကူးစက်ပြန့်ပွားလျက်ရှိ သော နိုင်ငံများမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂအဖွဲ့နှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ သံရုံးဝန်ထမ်းများ နှင့် မိသားစုဝင်များကို သက်ဆိုင်ရာ နေအိမ်များတွင်သာနေထိုင်စေ၍ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လိုက်နာရန်အချက်များကို တိတိကျကျလိုက်နာရန် မှာကြားထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောသည်။

COVID-19 ရောဂါကြောင့် သေဆုံးမှုရာခိုင်နှုန်းသည် စတင်ဖြစ်ပွားစဉ်ကာလ၌ (၂.၁) ရာခိုင်နှုန်းခန့်သာရှိသော်လည်း ယခုအခါ ရောဂါကြောင့်သေဆုံးမှုရာခိုင်နှုန်းသည် (၄.၂) ရာခိုင်နှုန်းအထိမြင့်တက်လာပြီဖြစ်သည်။

ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်းများ၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ နှင့် ဤရောဂါနှင့် ပတ်သက်၍ အရေးကြီးသည့် ကိစ္စများကို ပိုမို တိကျစွာ အချိန်နှင့် တစ်ပြေးညီချိတ်ဆက် နိုင်စေရေးအတွက် “ပေါင်းစပ်ညှိနှိုင်းရေးနှင့် စီမံခန့်ခွဲရေးဗဟိုဌာန (Command Center) များကို ဝန်ကြီးဌာန၊ ရုံးအမှတ် (၄) တွင် တစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် တစ်ခု၊ နယ်စပ် ဝင်၊ ထွက်ပေါက်နေရာများအတွက် တစ်ခု ထားရှိကာ (၂၃-၃-၂၀၂၀) ရက်နေ့မှ စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သတင်း – မြန်မာတိုင်းမ်

 

Tags:

Add a Comment

Your email address will not be published. Required fields are marked *