COVID-19 ကုဆေး စမ်းသပ်အောင်မြင်ဟု ပြင်သစ်ဆေးကုမ္ပဏီ ကြေညာ

'ကိုရိုနာဗိုင်းရပ်စ်' သတိပေးပိုစတာအနီး ဖြတ်လျှောက်သွားသူတစ်ဦး။  ဓာတ်ပုံ - အီးပီအေ

ကိုရိုနာဗိုင်းရပ်စ်’ သတိပေးပိုစတာအနီး ဖြတ်လျှောက်သွားသူတစ်ဦး။  ဓာတ်ပုံ – အီးပီအေ

 

ပြင်သစ်နိုင်ငံရှိ Sanofi ဆေးဝါးလုပ်ငန်းက ကနဦး စမ်းသပ်မှုများအရ ၎င်းတို့ ထုတ်လုပ်ထားသော ငှက်ဖျားဆေးတစ်မျိုးသည် COVID-19 ကို ကုသနိုင်စွမ်းရှိကြောင်း တွေ့ရသဖြင့် လိုအပ်ပါက လူသုံးသိန်းစာအတွက် ဆေးဝါးများကို ထုတ်လုပ်ပေးရန် အသင့်ရှိကြောင်း ကြေညာထားသည်။

Sanofi က ထုတ်လုပ်ထားသော Plaquenil ငှက်ဖျားဆေးသည် ဟိုက်ဒရောက်စီကလိုရာကွင်း မော်လီကျူး ပါဝင်သည်။ ကလိုရာကွင်းကို ငှက်ဖျားကာကွယ်ရေး၊ ကုသရေးတွင် အဓိက အသုံးပြုသည်။ ပြင်သစ်အစိုးရ၏ တာဝန်ပေးမှုဖြင့် ပြင်သစ်ပါမောက္ခ ဒီဒီယာ ရာလို့စ်က COVID-19 ကုသဆေး စမ်းသပ်မှုတွင်လည်း ကလိုရာကွင်းဖြင့် COVID-19လူနာ ၂၄ ဦးကို ကုသပေးနိုင်ခဲ့သည်။ လူနာများသည် ရောဂါဝင်နေသည့်ရက်လည်း နည်းသွားပြီး အခြားသူများထက်လည်း ပိုမြန်မြန် နာလန်ထလာကြကြောင်း တွေ့ရှိခဲ့ရသည်။

ကျန်းမာရေး ပညာရှင် အသိုင်းအဝိုင်းကမူ ကလိုရာကွင်းကို အလောတကြီး မသုံးရန်၊ ဆေးလွန်ပါက ဘေးထွက်ဆိုးကျိုးများပြားကြောင်း သတိပေးထားသည်။ ပါမောက္ခ ရာလို့စ်၏ တွေ့ရှိချက်ကို အတည်ပြုနိုင်ရန် နောက်ထပ် စမ်းသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဟု ပြင်သစ်ကျန်းမာရေးဝန်ကြီး လိုလီဗီယာ ဝါရန်းက ပြောသည်။

အမေရိကန် သုတေသီများကလည်း ကလိုရာကွင်းသည် COVID-19 ကုသရေးတွင် များစွာထိရောက်သည်ကို တွေ့ရကြောင်း ဆိုထားသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် လက်ရှိအချိန်ထိ မည်သည့် COVID-19 ကုသဆေး၊ ကာကွယ်ဆေးကိုမျှ အတည်ပြုပေးထားခြင်း မရှိသေးသော်လည်း တရုတ်နှင့် တောင်ကိုရီးယားတို့တွင်လည်း ကလိုရာကွင်းကို ထိရောက်သော ကုသဆေးအဖြစ် သုံးစွဲမှုများ ရှိနေသည်။

Crd မြန်မာတိုင်းမ်

Add a Comment

Your email address will not be published. Required fields are marked *