သင်္ဃန်းကျွန်းမြို့နယ်အတွင်း တွင် အွန်လိုင်းရှော့ပင် လုပ်မည်ဆိုသည့် တရုတ်နိုင်ငံသား ၁၁၈ယောက် ခွင့်ပြုချက်မဲ့တွေ့ရှိ


ရန်ကုန် – ၂၀၂၀ မတ် ၂၂ (မော်ကွန်း)

သင်္ဃန်းကျွန်းမြို့နယ်မှာ တရား၀င်နေထိုင်ခွင့်ပြုမထားတဲ့ တရုတ်နိုင်ငံသားကိုးဆယ်နီးပါး တွေ့ရှိရတာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက မနေ့ကညနေပိုင်းမှာ ၀င်ရောက်စစ်ဆေးရာ ပုံမှန်အပူချိန်သာရှိတဲ့အတွက် COVID-19 သံသယဖြစ်ဖွယ်မရှိကြောင်း တာ၀န်ရှိသူများကပြောပါတယ်။

မနေ့ညနေ ၅း၀၀ ခန့်က သင်္ဃန်းကျွန်း ရန်ကုန်သစ်ရပ်ကွက် နှင်းဆီနီလမ်းနဲ့ပန်းဝါလမ်းမှာ တရုတ်နိုင်ငံသား အများအပြားရောက်ရှိနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ကွက်နေပြည်သူတွေက သတင်းပို့ တာကြောင့် လွှတ်တော်ကိုယ်စားလှယ်၊ လ၀က အရာရှိတွေနဲ့ ကျန်းမာရေးတာ၀န်ရှိသူတွေ သွားရောက် စစ်ဆေးခဲ့ရာ COVID-19 သံသယ ဖြစ်ဖွယ်မရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှ၀င်းက အတည်ပြုပါတယ်။

“ ကိုယ်ပူချိန်တိုင်းကြည့်တဲ့အခါ ပုံမှန်အပူချိန်ပဲတွေ့ရပါတယ်” လို့သူက နှင်းဆီနီလမ်းက တရုတ်နိုင်ငံသားတွေ နေထိုင်တဲ့ မျက်နှာချင်းဆိုင်အိမ်မှာ မနေ့ညသန်းခေါင်ယံကပြောပါတယ်။

မတ် ၁၅ ရက်က ရန်ကုန်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က စစ်ဆေးတဲ့အခါမှာ နှင်းဆီနီလမ်းက အိမ်မှာ နေထိုင်ခွင့်ပြုမထားတဲ့ တရုတ်နိုင်ငံသား ၂၂ ယောက်နဲ့ ပန်းဝါလမ်းမှာ တရား၀င်နေထိုင်ခွင့် ၁၂ ယောက် ရှိတဲ့အထဲက ၁၀ ယောက်သာတွေ့ရှိရတယ်လို့ ၀င်ရောက်စစ်ဆေးသူတွေက မော်ကွန်းကိုပြောပါတယ်။

မနေ့က ညနေပိုင်းက ထပ်မံ၀င်ရောက်စစ်ဆေးတဲ့အခါ နှင်းဆီနီလမ်းမှာ တရုတ်နိုင်ငံသား ၆၄ ယောက် တွေ့ရှိရပြီး ပန်းဝါလမ်းမှာ ၅၄ ယောက်တွေ့ရှိရတယ်လို့ စစ်ဆေးရေးအဖွဲ့ကဆိုပါတယ်။

ပိုနေတဲ့ တရုတ်နိုင်ငံသားတွေကို လ၀က ဥပဒေအရ ဘယ်လိုအရေးယူမလဲဆိုတာကို မေးမြန်းတဲ့အခါ နှာခေါင်းစည်းစွပ်ထားတဲ့ လ၀က အရာရှိဆိုသူက “ ပုံစံ ဂ နဲ့ နောက်နေ့မှာလာတင်ရင် စိစစ်ပြီး ခွင့်ပြုသွားမှာပါ” လို့ ဆိုပါတယ်။

ဥပဒေစည်းကမ်းနဲ့စစ်ဆေးပြီး ကိုက်ညီမှုရှိရင် ခွင့်ပြုသွားမှာဖြစ်ပြီး မကိုက်ညီရင်တော့ ဥပဒေအရ ဆောင်ရွက်မှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရွှေလှ၀င်းက ဖြည့်စွက်ပြောကြားပါတယ်။

မနေ့ညက လွှတ်တော်ကိုယ်စားလှယ်၊ လ၀က တာ၀န်ရှိသူတွေ၊ ကျန်းမာရေးတာ၀န်ရှိသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ၀င်ရောက်စစ်ဆေးပြီးချိန်မှာ အခုလိုပြောတာဖြစ်ပါတယ်။

နှင်းဆီနီလမ်းက တရုတ်နိုင်ငံသားတွေဟာ One by One Company က “အွန်လိုင်းရှော့ပင်း လုပ်တယ်လို့ပြောတာပဲ” လို့ ၎င်းခြံ၀င်းအတွင်းတွေ့ရှိရတဲ့ ကုမ္ပဏီရဲ့ ၀န်ထမ်းဆိုသူက လွှတ်တော်ကိုယ်စားလှယ်တွေရှေ့မှာ ပြောပါတယ်။ အသေးစိပ်ကိုတော့ မေးမြန်းလို့မရပါဘူး။

ပန်းဝါလမ်းက တရုတ်နိုင်ငံသားတွေကတော့ Fresh Wave ဆိုတဲ့နာမည်နဲ့ကုမ္ပဏီကလို့ဆိုကြပြီး ၀င်ရောက်စစ်ဆေးတဲ့အခါ ကွန်ပျူတာတွေနဲ့ ဖုန်းဟန်းဆက်အများအပြားတွေ့ရတယ်လို့ ၀င်ရောက်စစ်ဆေးခဲ့သူတွေကပြောပါတယ်။

မတ် ၂၁ ရက် ညဦးပိုင်းမှာ ယခုကိစ္စကိုသိရှိတာကြောင့် သတင်းထောက်အများအပြားရောက်ရှိသွားပြီး အိမ်ခြံ၀င်းတံခါး၀ကနေ ၀မ်းလျားမှောက်ဓါတ်ပုံရိုက်ဖို့ကြိုးစားတဲ့သတင်းထောက်တွေကို အိမ်တွင်းနေသူတွေက ရေနဲ့ပက်မယ်လို့ပြောပြီး ခြေထောက်နဲ့သံတံခါးကိုကန်တာတွေလုပ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ အရန်မီးသတ် တပ်ဖွဲ့တွေ လုံခြုံရေးယူထားတာလည်းတွေ့ရပါတယ်။

Photo: Kaung Htet San/ Supplied

Add a Comment

Your email address will not be published. Required fields are marked *