တာချီလိတ်ရှိ တံတား(၁)ကို မတ်လ(၂၃)ရက်နေ့ပိတ်မည်
|တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)ကို မတ်လ(၂၃)ရက်နေ့တွင် ပိတ်မည်ဖြစ်ပြီး မတ်လ(၂၂)ရက်နေ့ ည(၈)နာရီခွဲအထိ သွားလာနိုင်သေးပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ မြင့်တက်နေတဲ့အတွက် မတ်လ(၂၁)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းအစိုးရက ချင်းရိုင်းခရိုင်ကို ညွှန်ကြားစာ အသစ်ထွက်လာတဲ့အတွက် တာချီလိတ် နဲ့ မယ်ဆိုင်အကြားမှာရှိတဲ့ ချစ်ကြည်ရေးတံတား(၁)ကို မတ်လ(၂၂)ရက်နေ့မှာ ထိုင်းဘက်က ပိတ်မှာ ဖြစ်ကြောင်း မြန်မာဘက်က သိရတဲ့အတွက် ဒေသခံများအနေနဲ့ လုပ်စရာရှိတာတွေကို လုပ်ဆောင်နိုင်ရန် မြန်မာဘက်က တစ်ရက်ထပ်တိုးပြီး မတ်လ(၂၃)ရက်နေ့မှ ပိတ်ဖို့ ညှိနှိုင်းတဲ့အခါမှာ အဆင်ပြေသွားတဲ့အတွက် မတ်လ (၂၂)ရက်နေ့ ည(၈)နာရီခွဲ တံတားဖွင့်ချိန်အထိ နှစ်နိုင်ငံ လူမျိုးများ သွားလာနိုင်မှာဖြစ်ကြောင်းသိရပါတယ်။
တာချီလိတ်ရှိ ချစ်ကြည်ရေး အမှတ်(၁) တံတားကို ထိုင်းဘက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်မယ်ဆိုပေမဲ့ ပိတ်ချိန်ကတော့ အချိန်အဘယ်လောက်ကြာသွားမလဲဆိုတာ မသိနိုင်သေးတဲ့အတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက ၂၀၂၀ခုနှစ် မတ်လ(၂၁)ရက်နေ့ ညပိုင်းမှာ ကုန်ဈေးနှုန်းနဲ့ ကုန်သွယ်ရေးကိစ္စရပ်များကို ည(၉)နာရီကျော်အထိ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
တာချီလိတ် အမှတ်(၂) ချစ်ကြည်ရေး တံတားကို တော့ မတ်လ(၁၉)ရက် ထဲကပိတ်ထားတာလည်းဖြစ်ပါတယ်။ မြန်မာ-ထိုင်း နယ်စပ်တံတားများ ပိတ်ခြင်းဟာ မြန်မာဘက်မှာ ပိတ်ခြင်းမဟုတ်ပဲ ထိုင်းနိုင်ငံဘက်မှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုနှုန်းကာကွယ်ရန်အတွက် ပိတ်လိုက်ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ယခုရက်ပိုင်အတွင်း ရောဂါကူးစက်သူပေါင်း 411 ယောက်အထိ ကူးစက်သွားသောကြောင့် ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းပါ။
ဦးသာကြီး