ကိုရိုနာ သူရဲကောင်း (သို့မဟုတ်) ဒေါက်တာ လီ

လီ က Weibo ( Twitter, Instagram တို့လို) ဆိုတဲ့ လူမှုကွန်ရက်မှာ နောက်ပြောင်ပြီး ရေးခဲ့တဲ့ ပို့စ်တစ်ခု ရှိခဲ့ဖူးတယ်..။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက် ကပေါ့..။

အဲဒီနေ့က ၂၁.၁၂.၂၀၁၂ မို့ ကမ္ဘာကြီးပျက်မယ်လို့ တရုတ်ပြည်မှာ ကောလာဟလထွက်နေတဲ့ အချိန်..။

“ချစ်ခင်ရပါသော သူငယ်ချင်းတို့”

မနက်ဖြန်ကစပြီး သင်တို့နှင့် ကျွန်ုပ် အဆက်အသွယ်ပြတ်တောက်သွားနိုင်ပါသည်။ ကျွန်ုပ်သည် ကမ္ဘာကြီးကို ကယ်တင်ဖို့ သွားရတော့မည်ဖြစ်သည်။

မနက်ဖြန် ၂၂ ရက်နေ့မှာ ပုံမှန်အတိုင်း နေထွက်လာသည်ကို သင်တို့တွေ့ပြီဆိုလျှင် ကျွန်ုပ်ရဲ့ စွမ်းဆောင်ချက် အောင်မြင်ခဲ့ပြီဟု သင်တို့ သိလိုက်ပါ..။ ဒါပေမဲ့ သင်တို့ ကျွန်ုပ်အားကျေးဇူး မတင်ပါနှင့်။ (ကမ္ဘာကြီးကို ကယ်တင်ရမည်မှာ )ကျွန်ုပ်၏ တာဝန် ဖြစ်သောကြောင့်ဖြစ်ပါသည်…။

လီ ဟာ သူနောက်ပြောင်ခဲ့သလို သူ့တာဝန် သူ ထမ်းဆောင်ခဲ့လေသလား…?

လီ ရဲ့ နာမည်အပြည့်အစုံက Li Wenliang (လီဝမ်လျန်) ဖြစ်ပါတယ်..။ သူဟာ လျောင်းနင်ပြည်နယ်၊ ဘေဇန်မြို့သား တစ်ယောက်ပေါ့..။

လီဟာ ဘေဇန် အထက်တန်းကျောင်း (北镇市高级中学) မှ ကျောင်းသားဖြစ်ပြီး စာသိပ်တော်တဲ့ ကျောင်းသားတစ်ယောက်..။

လုံ့လဝီရိယရှိပြီး ရိုးသားတဲ့ကျောင်းသားမို့ ဆရာတွေက လီကို သိပ်ချစ်ကြတယ်…။

စာတော်တဲ့ လီဟာ ဝူဟန် ဆေးပညာ တက္ကသိုလ်မှာ မဟာဘွဲ့ရခဲ့ပြီး မျက်စိ အထူးကုဆရာဝန် ဖြစ်ခဲ့တယ်..။

လီက ဟာသဉာဏ်ကောင်းတယ်..။ မတရားမှုကို မနှစ်သက်သူတစ်ယောက်..။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ..

SARS ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး ဝူဟန်မှာရောက်နေပြီဆိုတာ လူနာတွေဆီက တစ်ဆင့် ရိပ်မိခဲ့တယ်..။

ဒါဟာ သေချာတယ်လို့ လီ သိလိုက်တယ်..။

အဲဒီနေ့ ညနေ ၅ နာရီ ၄၃ မိနစ် ..

တရုတ်ပြည်မှာ အသုံးများတဲ့ WeChat ဆိုတဲ့ ချက်တင်းကနေ ကျောင်းနေဖက်သူငယ်ချင်းတွေကို အဲဒီအကြောင်းပြောပြလိုက်တယ်..။

“ ဒီဗိုင်းရပ်စ်က Huanan ပင်လယ်စာ စျေးကစတာ..” လီ ကပြောတယ်..။

“SARS ကိုရိုနာ ရောဂါအသစ်ရတဲ့သူ ငါ သိတာပဲ ၇ ယောက်ရှိနေပြီ…”

ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ နဲ့ CT Scan ဓာတ်ပုံကိုလည်း သူငယ်ချင်းတွေကို ချက်တင်း ဂရုထဲမှာ ပြလိုက်တယ်..။

ညနေ ၆ နာရီ ၄၂ မိနစ် ..

လီ က သူရဲ့ WeChat အဖွဲ့၀င် သူငယ်ချင်းတွေကို ထပ်ပြောတယ်..။

“ မင်းတို့ မိဘ၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို တိုးတိုးတိတ်တိတ် ပြောပြ… အန္တရာယ်ရှိနေပြီ…” လို့ သတိပေးလိုက်တယ်..။

အဲဒီသတင်းဟာ တိုးတိုးတိတ်တိတ် မဟုတ်ခဲ့..။ တစ်မုဟုတ်ချင်း ပြန့်သွားတယ်။ သူတို့ ချက်တင်းဂရုက ပုံတွေကို (Screenshot) စခရင်းရှော့တ် ရိုက်ပြီး ပြန့်ကုန်တာ…။

၂၀၂၀ ၊ဇန်နဝါရီ ၃ ရက်

ဝူဟန်မြို့၊ ပြည်သူ့လုံခြုံရေးဗျူရိုက ရဲတွေ လာစစ်ပါလေရော….။

လီ နဲ့ အတူ အခြားဆရာဝန် ၇ ယောက်..။

“ အင်တာနက်ပေါ်မှာ မှားယွင်းတဲ့ သတင်းပေးမှုနဲ့ ခင်ဗျားကို တရားစွဲမယ်” လို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်..။

နောက်ထပ် ဒီလို မဖြစ်စေရပါဘူးလို့ လက်မှတ်ထိုးရတယ်..။

ဇန်နဝါရီ ၇ ရက် ..။

လီ က မျက်စိဆရာဝန်ဆိုတော့ သူ့ရဲ့လူနာ တစ်ယောက်ဟာ မျက်စိတွေနီရဲနေလို့ သူ့ဆီလာပြတာပေါ့..။

လူနာက အဖျားတွေလည်း အတော်တက်နေတယ်..။ အဲဒီလူနာက ကိုရိုနာဗိုင်းရပ်စ် အသစ်ရှိနေပြီဆိုတာ သူသိတော့ ဗိုင်းရက်စ် အသစ်ကို သေသေချာချာ ထပ်ပြီးလေ့လာတယ်..။

အဲဒီမှာ လီ ကိုရိုနာဗိုင်းရပ်စ်ကူးပြီ…။

ဇန်နဝါရီ ၁၀ ရက်

လီ အတော်ဖျားလာပြီး ချောင်းဆိုးတာလည်း အတော် ပြင်းလာတယ်..။ သူ သိလိုက်တယ်… ဗိုင်းရပ်စ်တွေ သူ့ ခန္ဓာကိုယ်ထဲ ဝင်သွားပြီဆိုတာ….။

ဇန်နဝါရီလ ၁၂ ရက်နေ့ ..။

ဆရာဝန်တွေက လီ ကို ဆေးရုံမှာ အခန်းသီးသန့်ထားပြီး ဗိုင်းရပ်စ် ရှိမရှိ စစ်ကြတယ်..။

ဇန်နဝါရီ ၃၀ ရက်

ဓာတ်ခွဲခန်းက ဒေါက်တာလီမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ရှိတယ်ဆိုတာ အတည်ပြုလိုက်တယ်..။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ..။

လီ ရဲ့အခြေအနေ ဆိုးလာတယ်..။

ဖေဖော်ဝါရီလ ၅ ရက် ..။

အခြေအနေ အရမ်းဆိုးနေပြီ..။

ဖေဖော်ဝါရီ ၆ ရက် ..။

ဒေါက်တာလီက သူငယ်ချင်းဆီ ဖုန်းဆက်ပြီး “ ငါ အသက်ရှူအရမ်းကျပ်နေပြီ” လို့ပြောခဲ့သေးတယ်..။

ည ၇ နာရီ ..။

အရေးပေါ်ကုသခန်း ကိုရောက်တယ်..။

ည ၉ နာရီ ၃၀ မိနစ် ..။

လီ နှလုံးခုန် ရပ်သွားတယ်လို့ လီ ရဲ့ လုပ်ဖော်ကိုင်ဖက်က ပြောတယ်..။

“ ဒေါက်တာလီ သေသွားပြီ..။”
အသက် ၃၄ နှစ်..။

ည ၉ နာရီ ၃၀ မိနစ် ..။

တရုတ်အစိုးရပိုင် မီဒီယာတွေက ဒေါက်တာလီ သေပြီလို့ အင်တာနက် သတင်းထဲမှာရေးပြီး ခဏပဲကြာတယ်.. သူတို့ ပြန်ဖျက်လိုက်တယ်…။

လူတွေ သို့လောသို့လော ဖြစ်ကုန်ကြတယ်..။

တရုတ်ပြည်သားတွေဟာ “ ဒီည ငါတို့ အိပ်ဖို့မလိုဘူး..ဒေါက်တာလီ အိပ်ရာက ထနိုင်ဖို့ပဲလိုတယ်..” လို့ရေးပြီး စောင့်နေကြတယ်..။

နာရီ အနည်းငယ်ကြာတော့မှ တရားဝင် သတင်းထွက်လာတယ်..။

“ ကျွန်တော်တို့ ဝူဟန်ဆေးရုံက တာဝန်ရှိသူတွေဟာ ဒေါက်တာလီရဲ့ အသက်ကိုကယ်တင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်..။ ကျွန်တော်တို့ အောက်ဆီဂျင် (ECMO) သုံးပြီး အသက်ရှူအောင် ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ပါဘူး.. ဒေါက်တာလီဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ မနက် ၂ နာရီ ၅၈ မိနစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်” တဲ့..။

ဝီကီပီးဒီးယား (Wikipedia) ထဲကလို ၁၉၈၆ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်မှာမွေးဖွားခဲ့တဲ့ လီ ဟာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ မှာ သေဆုံးခဲ့တာလား..။

ဖေဖော်ဝါရီလ ၆ ရက်ညက သေဆုံးခဲ့တာလား..။

ဒေါက်တာလီဟာ သူ မသေဆုံးခင် ကိုရိုနာ ဗိုင်းရပ်စ် အသစ် အကြောင်း သူသိသလောက် ပြည်သူတွေကို ပြောခဲ့တယ်..။

WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) ကဒေါက်တာ လီ ဟာ # 2019nCoV အတွက် လူတွေကို ကယ်ဖို့ကြိုးစားခဲ့သူအဖြစ် ဂုဏ်ပြုဖို့လိုတယ်လို့ပြောတယ်..။

လီ သေသွားတော့ တရုတ်ပြည်သူပြည်သားတွေဟာ စိတ်သောကရောက်၊ ဒေါသထွက်ကြတယ်..။

#wewantfreedomofspeech ( We want freedom of speech ) ဆိုပြီး လူမှုကွန်ယက်တွေကတစ်ဆင့် လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို တောင်းဆိုခဲ့တယ်..။

အင်တာနက်မှာ အဲဒီ hashtag(#) ကို ကြည့်ရှုသူ ၂ သန်းကျော်ပြီး အခြားသူတွေက ပို့စ်ပေါင်း ၅၅၀၀ ကျော် ထပ်တင်ခဲ့တယ်..။

တရုတ်ပြည်က အင်တာနက် ဆင်ဆာအဖွဲ့ကလည်း ၅ နာရီအတွင်း အကုန်ပြန်ဖျက်ခဲ့တယ်..။

ပြည်သူတွေဟာ အင်တာနက်မှာ ဒေါက်တာလီကို ဂုဏ်ပြုဖို့ ဆုံးဖြတ်လိုက်ကြတယ်..။

ပြီးတော့ သတ်မှတ်ထားတဲ့အချိန်မှာ တစ်ပြိုင်နက် ၅ မိနစ်ကြာ မီးပိတ်ထားခဲ့ပြီး ဥဩဆွဲသံတွေ လုပ်ခဲ့ကြတယ်..။

“လီ ဟာ သူရဲကောင်းပါ”

လီ က သူ့ကိုယ်သူ ကိုရိုနာဗိုင်းရပ်စ် ရနေမှန်းသိတော့ ဟိုတယ်ခန်းတစ်ခုငှားပြီး မိသားစုနဲ့ ခွဲနေခဲ့တယ်..။

ဇန်နဝါရီလ ၁၂ ရက် နေ့ရောက်တော့မှ ဆေးရုံတက်ခဲ့တာပေါ့..။

ဒီလို ကြိုတင်ကာကွယ်မှုလုပ်ထားတာတောင် လီ ရဲ့ မိဘနှစ်ပါးဟာ ဗိုင်းရပ်စ်ရခဲ့တယ်..။

ဒါပေမဲ့ နေပြန်ကောင်းခဲ့ပါတယ်..။

ဗိုင်းရပ်စ်တွေနဲ့ အနီးကပ်ဆုံးနေခဲ့တဲ့ လီ ကတော့ အသက်ပေးခဲ့ရတာပေါ့..။

လီ ရဲ့ ဇနီးဟာ ကလေးတစ်ယောက်ကို လက်ဆွဲပြီး လူပေါင်း ၁၁ သန်းရှိတဲ့ ဝူဟန်မြို့သားတွေနဲ့အတူ မျက်ရည်ကျခဲ့တာပေါ့..။

အသံမထွက်ဘဲ ငိုနေတဲ့ ငိုသံသေးသေးလေးတစ်ခုလည်း ရှိနေသေးတယ်..။

ဒေါက်တာလီ ဇနီးသည်ရဲ့ ဗိုက်ထဲက ကလေး လေးပေါ့…။

ဆောင်းဦးရာသီရဲ့ ၂၀၁၉ ၊နို၀င်ဘာလ အစောပိုင်းက လီ ဟာ သူ့ Weibo မှာ ဂရိတ်ဝေါလ် (Great Wall) ဓာတ်ပုံတွေနဲ့ ပို့စ်တစ်ခု တင်ခဲ့သေးတယ်..။

“အရမ်းလှတာပဲ..။ တစ်နေ့နေ့မှာ (ဗိုက်ထဲက) လီ သေးသေးလေးကို ဒီနေရာခေါ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

လီ ရဲ့ အဲဒီမျှော်လင့်ချက်ကတော့ မပြည့်ခဲ့ပါ..။

မရွှေမိုး (ကိုရီးယား)
March 21st,2020.

References

The New York Times
Chinese Doctor, Silenced After Warning of Outbreak, Dies From Coronavirus

News
Gone But Not Soon Forgotten: Li Wenliang’s Online Legacy

One of the coronavirus whistleblower’s earliest posts on Weibo was an expression of solidarity for a journalist who suggested that officials’ negligence had contributed to a deadly train crash in 2011
Wang Lianzhang
Feb 07, 2020 6-min read

Li Wenliang- Wikipedia

Add a Comment

Your email address will not be published. Required fields are marked *