fbpx

နောက်တကြိမ်ပြန်ဝင်လာတဲ့ ဗိုင်းရပ်စ်လှိုင်း

နိုင်ငံအပြင်ကနေရောက်လာတဲ့ သူတွေကနေ တဆင့်ပါလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေကြောင့် တောင်ကိုရီးယား၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေ အပါအဝင် အာရှနိုင်ငံတွေဟာ နောက်တကျော့ ဖြစ်လာတဲ့ ဗိုင်းရပ်စ်လှိုင်းကို ရင်ဆိုင်နေရပါတယ်။

ဒီဗိုင်းရပ်စ် စတင်တွေ့ခဲ့တဲ့ တရုတ်နိုင်ငံမှာ ပြည်တွင်းကနေ အစပြုဖြစ်တဲ့ ရောဂါဖြစ်သူအသစ် မတွေ့ရဘူးလို့ ဗုဒ္ဓဟူးနေ့က ကြေညာနိုင်ခဲ့ပါတယ်။ ဒါဟာ ဒီရောဂါပိုး စတင်ပေါ်ပေါက်ပြန့်ပွား တဲ့အချိန်ကတည်းက ပထမဆုံး မှတ်ကျောက်တင်နိုင်တဲ့ အဖြစ်ပါ။

ဒါပေမဲ့ တရုတ်နိုင်ငံကို အပြင်ကနေ လောလောလတ်လတ် ပြန်လာတဲ့လူတွေထဲမှာ ရောဂါဖြစ်သူ အသစ် ၃၄ ယောက် ရှိကြောင်းလည်း အစိုးရက ထုတ်ပြန်ထားပါတယ်။

စင်ကာပူမှာဆိုရင်လည်း လူနာအသစ် ၄၇ ယောက်ရှိပြီး အဲဒီထဲက ၃၃ ယောက်က အပြင်ကနေဝင်ရောက်လာတဲ့ လူတွေဖြစ်ကာ၊ အဲဒီ ၃၃ ယောက်ထဲမှာ အယောက် ၃၀ က နိုင်ငံခြားကနေပြန်ရောက်လာတဲ့ စင်ကာပူ နိုင်ငံသားတွေပါ။

တောင်ကိုရီးယားမှာလည်း ကြာသပတေးနေ့တုန်းက လူနာအသစ် ၁၅၂ ယောက် အထိ တက်သွားပါတယ်၊ ဒါပေမဲ့ အဲဒီအထဲက ဘယ်နှယောက်က နိုင်ငံအပြင်ကနေ ရောက်လာသူလဲဆိုတာတော့ မစိစစ်ရသေးပါဘူး။

ဒီနိုင်ငံတွေအပြင် ဂျပန်မှာလည်း ဗုဒ္ဓဟူးနေ့တုန်းက ရောဂါဖြစ်သူအသစ် ၃ ယောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အထိခိုက်ဆုံးဖြစ်ခဲ့ပြီး ကူးစက်ခံရသူ ၁၅၄ ယောက် ရှိခဲ့တဲ့ ဟော့ကိုင်းဒိုးမှာတော့ ဗိုင်းရပ်စ်ကူးစက်တာ ရပ်သွား တဲ့အတွက် အာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြေညာတာကို ရုပ်သိမ်းလိုက်ပါပြီ။

နိုင်ငံထဲကိုပြန်ဝင်လာတဲ့ ရောဂါပိုးတွေကို ထိန်းချုပ်နိုင်ရေးအတွက် တရုတ်အစိုးရက ဘေဂျင်းမှာ ဟိုးအရင် ဆားစ် ဗိုင်းရပ်စ်လူနာတွေကို ကုသပေးဖူးခဲ့တဲ့ ဆေးရုံတရုံကို ပြင်ဆင်ထားပါတယ်။

ဟောင်ကောင်မှာတော့ သူတို့ဆီကို ဝင်လာတဲ့သူတွေကို လျှပ်စစ် လက်ပတ်ဝတ်ဆင်ထားစေပြီး သူတို့အပြင်မထွက်အောင် ကန့်သတ်ထားပါတယ်။

ဒီအာရှ နိုင်ငံ ၄ နိုင်ငံလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးမှာ အောင်မြင်ခဲ့ပေမဲ့ အခုတကျော့ပြန်ဖြစ်လာတဲ့အရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေက ရှိနေဆဲပါ။

ရောဂါပြန့်ပွားလာတဲ့အချိန်က ကူးစက်သူတွေကို သိရှိအောင်လိုက်ပြီး စစ်ဆေးပေးတာ၊ လူအများအပြားကို ဗိုင်းရပ်စ်ရှိမရှိ မြန်မြန်စမ်းသပ် စစ်ဆေးနိုင်တာ၊ ဖြစ်တဲ့လူနာကို သီးခြားခွဲကုသပေးမှုကို မြန်မြန်စီစဉ်နိုင်တာ တွေကြောင့် တောင်ကိုရီးယားက ချီးကျူးခံခဲ့ရပါတယ်။

အခုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ရောဂါဖြစ်သူ ပြန်တက်လာတဲ့အရေးက လုပ်ဆောင်စရာတွေကို အားသွန်ပြန်လုပ်ကြရဦးမှာပါ။

လျော့ပေါ့တွက်ပြီး ကိုယ့်အခြေအနေကို ကျေနပ်နေလို့ မရဘူးလို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက သတိပေးကြပါတယ်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်က ထုတ်ပြန်တဲ့စာရင်းတွေ အရ ကမ္ဘာတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁၅ ၉၅၅ ယောက်ရှိနေပြီး လူပေါင်း ၈၇၄၉ ယောက် သေဆုံးခဲ့ပါပြီ။

ဖြစ်နေတဲ့ ၈၀ ရာခိုင်နှုန်းက ဥရောပတိုက်နဲ့ အာရှဒေသအများအပြားပါဝင်တဲ့ ပိစိဖိတ်အနောက်ရပ်ဝန်းဒေသတွေမှာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။

ဆောင်းပါး – BBC

Tags:

Add a Comment

Your email address will not be published. Required fields are marked *