မြဝတီ နယ်စပ်ဂိတ်မှ ထိုင်းသို့ MoU လုပ်သားစေလွှတ်မှု ရက်အကန့်အသတ်မရှိ ပိတ်
|မြန်မာ-ထိုင်း မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ MoU လုပ်သားစေလွှတ်မှုကို မတ် ၁၈ ရက်မှစတင်၍ ရက်အကန့်အသတ်မရှိပိတ်လိုက်ကြောင်း သိရသည်။
“မြဝတီချစ်ကြည်ရေးတံတားကို ပိတ်မယ်လို့ ယနေ့အထိတော့ ညွှန်ကြားချက်တစ်စုံတစ်ရာမရှိသေးပါဘူး။ ဒါပေမဲ့ ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်မယ့် MoU လုပ်သားစေလွှတ်မှုကို မတ် ၁၈ ရက်ကစပြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မဲဆောက်မြို့ကိုသွားလာနေတဲ့ ခရီးသွားတွေကို ထုတ်ပေးတဲ့ Special Pass, Family Pass တွေကိုလည်း သက်ဆိုင်ရာ လဝက က ယာယီရပ်ဆိုင်းလိုက်ပါပြီ”ဟု မြဝတီချစ်ကြည်ရေးတံတားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုအချိန်တွင် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော မြန်မာအလုပ်သမား ၆၀ဝ,ဝ၀ဝ ခန့်မှာလည်း ပတ်စပို့ ဗီဇာသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် ဗီဇာသက်တမ်းတိုးရန် ပြန်လာနေသူများလည်းရှိနေသည်။ MoU အလုပ်သမားစေလွှတ်မှုကို မြဝတီနယ်စပ်တွင် ရက်အကန့်အသတ်မရှိ ပိတ်လိုက်သော်လည်း ယခင်လုပ်ကိုင်နေကြသည့် MoU အလုပ်သမားများအနေဖြင့် ဝင်ထွက်သွားလာခွင့်ရှိနေပြီး မြဝတီနယ်စပ်ဂိတ်ကို သက်ဆိုင်ရာမှ ညွှန်ကြားချက်တစ်စုံတစ်ရာ မပေးသေးသည့်အတွက် ဆက်လက်သွားလာခွင့်ပြုထားကြောင်း သိရသည်။
မတ် ၁၈ ရက်မှစ၍ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြားထုတ်ယူခြင်းများကိုလည်း သက်ဆိုင်ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်သကဲ့သို့ မတ် ၁၇ ရက်မှစ၍ Special Pass, Family Pass ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း သက်ဆိုင်ရာအလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
မြန်မာ-ထိုင်းနယ်စပ်ဂိတ်ပေါက်တွင် COVID-19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများပူးပေါင်းပြီး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသော်လည်း မြဝတီနယ်စပ်မြို့တွင် ယနေ့အထိ COVID-19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ သံသယလူနာ တစ်စုံတစ်ယောက်မျှ တွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။
သက်ဦးနိုင်( မြဝတီ )