မန္တလေးတွင် COVID-19 ဗိုင်းရပ်ကို ဓာတ်ခွဲစစ်ဆေးနိုင်တော့မည်
|မန္တလေးက အမျိုးသားဓာတ်ခွဲခန်းမှာ COVID-19 ဗိုင်းရပ်နဲ့ ပတ်သက်ပြီး ဓာတ်ခွဲဆေးနိုင်တော့မယ်လို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက မတ်လ၁၇ ရက်နေ့ကပြောပါတယ်။
မန္တလေးကန်တော်နဒီဆေးရုံမှာ COVID-19 စောင့်ကြည့်လူနာသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေနဲ့ မတ်လ၁၇ရက်နေ့က ဆေးရုံကရုံးခန်းထဲမှာတွေ့ဆုံပြီး ရှင်းလင်းပြောကြားစဥ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာလည်း ဓာတ်ခွဲစစ်ဆေးမယ့် ဝန်ထမ်း ၆ဦးကို Trainingပေးနေတာဖြစ်တယ်လို့လည်း ဒေါက်တာစုစုဒွေးကပြောပါတယ်။ သူက”စက်တစ်ခုရပြီဆိုရင် trainingပေးရတယ်။ စက်ရပြီဆိုပြီး ဒီအတိုင်းကောက်စစ်လို့မရဘူး။ ဓာတ်ခွဲဌာနကလူတွေ training သွားယူနေတယ်။ စက်ကို လည်ပတ်နိုင်အတွက်။ တစ်ပတ်လောက်တော့တက်ရမယ်”လို့ပြောပါတယ်။ မန္တလေးမှာရှိတဲ့ အမျိုးသားဓာတ်ခွဲခန်း (NHL)မှာ COVID-19ဗိုင်းရပ်ကိုစစ်ဆေးနိုင်ရန် ပြည်ထောင်စုအစိုးရထံ ညှိနှိုင်းတင်ပြသွားမယ်လို့ မတ်လ၁၂ရက်နေ့က လုပ်တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကိုစစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းတစ်ခုရှိပြီး ဖေဖော်ဝါရီလ၁၉ ရက်နေ့က စတင်ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မန္တလေးကိုရောက်ရှိလာတဲ့သံသယလူနာတွေနဲ့ပတ်သက်ပြီးစစ်ဆေးဖို့ ရန်ကုန်ကိုပို့ရတာဖြစ်ပါတယ်။အဲဒါကြောင့် အချိန်ကြန့်ကြာမှုမရှိစေပဲ မြန်မြန်ဆန်ဆန်သိရှိနိုင်ရန်အတွက် မန္တလေးမှာ တစ်ခုထားရှိနိုင်ဖို့ ကြိုးစားမှာဖြစ်တယ်လို့ ဦးဇာနည်အောင်က မတ်လ၁၂ရက်နေ့ အစည်းအဝေးပြီးမှာပြောထားပါတယ်။ “မန္တလေးမှာရခဲ့မယ်ဆိုရင် အထက်မြန်မာပြည်က စောင့်ကြည့်သံသယလူနာတွေကိုလည်း စစ်ဆေးနိုင်မယ်။အချိန်တိုတာသွားပေါ့ဗျာ။ ကျွန်တော်တို့ချက်ချင်းသိရတာပေါ့။ ဒါကြောင့်ကြိုးစားနေတာပါ”လို့ပြောပါတယ်။ မတ်လ၁၈ရက်နေ့ထိ မန္တလေး ကန်တော်နဒီကိုရောက်ရှိလာတဲ့ စောင့်ကြည့် လူနာ၂ဦးသေဆုံးခဲ့ပါတယ်။ အဲသည်၂ယောက်ကို ဓာတ်ခွဲစစ်ဆေးချက်တွေအရ အခြားရောဂါတွေကြောင့်သာသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။
သတင်း -ထက်အောင်