မြဝတီနယ်စပ်ဂိတ်များ လူအဝင်အထွက် တင်းကြပ်
|
မြဝတီမြို့ရှိ နယ်စပ်ဂိတ်ပေါက်များကို လူအဝင်အထွက် တင်းကြပ်ထားကြောင်း သိရသည်။
“မြဝတီနယ်စပ်ဂိတ်တွေက လောလောဆယ်တော့ မပိတ်ထားဘူး။ ဒါပေမဲ့ တင်းတင်းကြပ်ကြပ် စိစစ်ပြီးတော့ လက်ခံတယ်။ အရင်လိုတော့ မရတော့ဘူး။ ဒီလို တင်းကြပ်လိုက်တဲ့အတွက် လူအဝင်အထွက် တော့ လုံးဝ မရှိသလောက်ဖြစ်သွားပြီ”ဟု မြဝတီမြို့မှ ကိုအောင်မင်းနိုင်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။ လွန်ခဲ့သည့် သုံးရက်မှစတင်ကာ ယင်းသို့ တင်းကြပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“တစ်ကမ္ဘာလုံးက စိတ်ပူနေတာဆိုတော့ ကျွန်တော်တို့လည်း စိတ်ပူတာပေါ့။ မြန်မာနိုင်ငံမှာ မဖြစ်သေးဘူးဆိုပေမယ့် အဲဒီလို တင်းကြပ်နေတာကကောင်းတဲ့ လက္ခဏာပါ။ အစိုးရဘက်က တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေတယ်ဆိုတော့ ပြည်သူတွေအတွက် ကောင်းသွားတယ်။ သူတို့ သွားချင်တိုင်း လာချင်တိုင်းလာလို့မရဘူး။ တစ်ခုရှိတာက ကျန်းမာရေးစစ်ဆေးပေးနေတဲ့သူတွေက Mask မတပ်သလို လက်အိတ်တွေ လည်း မဝတ်ဘူး”ဟု ၎င်းက ပြောသည်။
COVID -19 ဂယက်ကြောင့် မြဝတီနယ်စပ်ဂိတ်များ မတ် ၁၈ရက် မှစတင်ကာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကောလာဟလသတင်းများ လူမှုကွန်ရက်၌ ထွက်ပေါ်နေသော်လည်း အမှန်တကယ်ကုန်သွယ်မှု ပြုလုပ်နေသည့်ကုန်သည်များက ယင်းသို့ ညွှန်ကြားထားခြင်းမရှိကြောင်း ပြောသည်။
“လောလောဆယ် ဒီဘက်ကို ထိုင်းကုန်ပစ္စည်းတွေလည်း ဝင်ပါတယ်။ မြန်မာဘက်က ကားတွေလည်း တောက်လျှောက်ထွက်နေပါတယ်။ ပိတ်တာတော့မရှိသေးဘူး။ ညွှန်ကြားထားတာက ထိုင်းဘက်က ဝင်တဲ့ကားတွေ၊ မြန်မာဘက်က ဝင်တဲ့ကားတွေ၊ ပြန်ထွက်တဲ့ကားတွေ အချိန်သတ်မှတ်ထားတယ်။ မြဝတီဘက်မှာ ညအိပ်လို့ မရဘူးဆိုတာတော့ ကြေညာထားတယ်။ အခုကတော့ လောလောဆယ် အနေအထားအရ အတိအလင်းမေးကြည့်တာ နယ်စပ်ကုန်သွယ်မှုဂိတ်တွေ လုံးဝပိတ်ဖို့မရှိပါဘူးလို့ ပြောပါတယ်”ဟု မြဝတီနယ်စပ်ရှိ ပြောင်းဆန်ကုန်သည်တစ်ဦး ဦးလှမိုးက ပြောသည်။
မြဝတီ-နယ်စပ်ကုန်သွယ်ရေးတွင် လက်တလော နေ့စဉ်ကားစီးရေ ၂၀ဝ ခန့် ကုန်သွယ်လျက်ရှိပြီး COVID -19 ကြောင့် နယ်စပ်ကုန်သွယ်ရေး ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်အတိုင်းသာဖြစ်ကြောင်း သိရသည်။