ကျိုင်းတုံတွင် ကိုရိုနာစောင့်ကြည့်လူနာတစ်ဦး သေဆုံး

တာချီလိတ်၊ မတ် ၁၈

ချောင်းဆိုး၊ သွေးပါ ဖြစ်ပြီး ကျိုင်းတုံဆေးရုံသို့ ရောက်ရှိလာသည့် လူနာတစ်ဦးကို ကိုရိုနာစောင့်ကြည့်လူနာအဖြစ် မတ်လ ၁၇ရက် နေ့လည်ပိုင်းက သတ်မှတ်လိုက်ပြီးနောက် မတ်လ ၁၇ရက် ည ၉နာရီခွဲတွင် သေဆုံးသွားကြောင်း ကျိုင်းတုံ ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

သေဆုံးသွားသည့် အသက် ၃၀ အရွယ် အမျိုးသားလူနာမှာ မတ်လ ၁၄ရက် နေ့လည်ပိုင်းတွင် ကျိုင်းတုံဆေးရုံသို့ ချောင်းဆိုး၊ သွေးပါရောဂါဖြင့် ရောက်ရှိလာပြီး ကုသပေးနေရာမှ မတ်လ ၁၇ရက်တွင် ၎င်းဖြစ်ပွားနေသည့် ရောဂါ လက္ခဏာများမှာ COVID – 19 သံသယလက္ခဏာများနှင့် တူညီနေသည့်အတွက် ဗဟိုအဆင့်ကို တင်ပြ အကြံဉာဏ်တောင်းခံခဲ့ကြောင်း ကျိုင်းတုံပြည်နယ်အဆင့် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းက ပြောသည်။

“ဗဟိုကို တင်ပြတော့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်စောင့်ကြည့်ဖို့ အကြောင်းပြန်လာတယ်။ ညပိုင်းမှာ ဆုံးသွားတယ်။ သူ့မှာ ခရီးသွားတာတို့၊ မိသားစုထဲမှာ နေမကောင်းဖြစ်တာတို့တော့ မရှိပါဘူး” ဟု ဒေါက်တာလှဌေးမင်းက ပြောသည်။

သေဆုံးသူ လူနာ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့ကို မတ်လ ၁၈ရက် ယနေ့တွင် ရန်ကုန်မြို့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း COVID-19ကူးစက်ခံရခြင်းမှ ကာကွယ်ရန် လက်ကို မကြာခဏဆေးကြောခြင်း၊ လက်သန့်စင်ဆေးရည်(Hand Gel) အသုံးပြုခြင်းတို့ လုပ်ဆောင်ကြရန် ဒေါက်တာလှဌေးမင်းက အကြံပြု တိုက်တွန်းသည်။
MeKongNews

Tags:

Add a Comment

Your email address will not be published. Required fields are marked *