လူတွေက အိမ်တွင်းပုန်းနေချိန်၊ အစာမစားရတဲ့ မျောက်တွေက မြို့ကိုသိမ်းပိုက်


ထိုင်းနိုင်ငံက မျောက်တွေဟာ ကမ္ဘာလှည့်ခရီးသွားတွေ၊ အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့ ဧည့်သည်တွေကျွေးတဲ့ အစားအစာတွေကိုပဲ မှီခိုရပ်တည်နေကြတာ များပါတယ်။ တောကြီးမျက်မည်းထဲမှာရှိတဲ့ မျောက်တွေကတော့ သဘာဝအတိုင်း သစ်သီးဝံတွေစားပြီး ဘဝကို လည်ပတ်ကြပေမယ့်၊ မြို့နဲ့အလွန်နီးတဲ့ မျောက်တွေကတော့ စောစောကပြောသလိုပဲ ဧည့်သည်တွေက ပေးတဲ့အစားအစာကိုပဲ မျှော်နေရတာပါ။

အခု ကိုရိုနာဗိုင်းရပ်အရေးကြောင့် လူတွေဟာ ဖြစ်နိုင်သမျှ အိမ်တွင်းအောင်းကုန်ကြပါပြီ။ ဒီလိုပဲ အစိုးရတော်တော်များများကလည်း ခရီးသွားတွေ နိုင်ငံတွင်းကို ဝင်ရောက်ခွင့်ကို ကန့်သတ်လိုက်ပါတယ်။ ဒါကြောင့် ထိုင်းမှာ ပထမဆုံး အခက်အခဲဖြစ်ရသူတွေကတော့ လူစည်ကားတဲ့ ဘုရားတွေ၊ ကျောင်းတွေ ပတ်ပတ်လည်မှာ ကျင်လည်ကြတဲ့ မျောက်တွေဖြစ်ပါတယ်။

အစားအစာ မစားကြရတော့ သူတို့ဟာ မြို့တွေထဲအထိ အတင့်ရဲဝင်ရောက်လာပြီး၊ အစားအစာ ရနိုင်မယ့်နေရာတွေကို ရှာဖွေကြရပါတယ်။ မျောက်ကောင်ရေ ရာနဲ့ချီပြီး၊ Khao Chong Krachok တောင်ကနေ လူတွေနေထိုင်တဲ့ဆီကို ဆင်းလာကြပါတယ်။ မျောက်တွေဟာ ယခင်ကနဲ့မတူ အစာမစားရတော့ အတော်လေးကို ရန်လိုတဲ့အမူအယာတွေကို တွေ့နေရပါတယ်။
ငှက်ပျောသီးတွေ အတင်းဝင်လုတဲ့ မျောက်တွေကို ကိုယ်တိုင် မှတ်တမ်းတင်ခဲ့တဲ့ Sasaluk Rattanchai က ” သူတို့က မျောက်တွေနဲ့ မတူဘဲ … တောခွေးတွေလိုပဲ … အစားအစာ အသေးအမွှားလေးကိုတောင် သူတို့ အတင်းတိုက်ခိုက်ပြီး လုနေကြတယ် … သူတို့ ဒီလောက် ကြမ်းတမ်းတဲ့ ရန်လိုမှုမျိုး ကျွန်မ မတွေ့ဖူးသေးဘူး … သူတို့ သိပ်ကို ဆာလောင်နေကြပြီ”လို့ ပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ Lopburi နယ်မြေအတွင်းမှာ ဖြစ်ခဲ့တာပါ။ မျောက်တွေဟာ အတော်လေးကို ဆာလောင်နေကြပြီး၊ ရက်တော်တော်ကြာအောင် အစာမစားရခြင်းက သူတို့ရဲ့ဒေါသကို အများကြီး ကြီးထွားစေပါတယ်။ လူတွေသည်ပင် ငတ်လာပြတ်လာတဲ့အခါ ဓားပြတိုက်ခြင်း၊ လူသတ်ခြင်းတွေကို အကြောက်အလန့်မရှိ ပြုမူတတ်ကြပါတယ်။
အခုလည်း ဒီရောဂါကပ်ဆိုးဟာ ဘယ်လောက်အထိ ကြာရှည်မယ်ဆိုတာ မပြောနိုင်ကြသေးပါဘူး။ ဆိုရရင် လူတွေသည်ပင် တစ်ချို့ဆို ရက်တော်တော်ကြာကြာအတွက် အစားအစာတွေ ကြိုတင်ဝယ်ယူတာမျိုးတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း ကုန်ဈေးနှုန်းမတည်ငြိမ်မှုက အတော်လေး ကြောက်စရာကောင်းပြီး၊ မရှိဆင်းရဲသားတွေအတွက် စိုးရိမ်စရာ ဖြစ်လာစေခဲ့ပါတယ်။
ဘာသာပြန် – လင်းကိုဇော်

Add a Comment

Your email address will not be published. Required fields are marked *