ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်မည် ယုံကြည်ချက်ဖြင့် အိန္ဒိယတွင် နွားကျင်ငယ်ရေသောက်ပွဲ ကျင်းပ
|ဟိန္ဒူဘာသာဝင် တော်တော်များများက နွားကို မြင့်မြတ်တယ်လို့ သဘောထားတာနဲ့အညီ၊ နွားကျင်ငယ်ရေကို သောက်တာဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တားဆီးနိုင်တယ်ဆိုပြီး ယုံကြည်ကြလို့၊ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘာသာဝင်တစုဟာ နွားကျင်ငယ်ရေ သောက်ပွဲတရပ်ကို ကျင်းပခဲ့ကြပါတယ်။ကျွမ်းကျင်သူတွေကတော့ နွားကျင်ငယ်ရေဟာ ကင်ဆာလိုရောဂါမျိုးနဲ့ ကိုရိုနာဗိုင်းရပ်စ်လို ကူးစက်ရောဂါမျိုးကို တားဆီးနိုင်၊ ကုသနိုင်တဲ့ ဘာသက်သေမှ မရှိဘူးလို့ အကြိမ်ကြိမ် ပြောထားပြီးသားပါ။
ဒါပေမဲ့ အခီလ်ဘာရတ် ဟိန္ဒူ မဟာဿဗ Akhil Bharat Hindu Mahasabha (အိန္ဒိယဟိန္ဒူများသမဂ္ဂ All India Hindu Union) ကတော့ လူပေါင်း နှစ်ရာလောက် တက်ရောက်ခဲ့တဲ့ နွားကျင်ငယ်ရေသောက်ပွဲတခုကို မြို့တော် နယူးဒေလီမှာ ကျင်းပခဲ့ပါတယ်၊ပွဲစီစဉ်သူတွေက အခြားနေရာတွေမှာလည်း ဒီလိုပွဲမျိုးတွေ ဆက်ကျင်းပနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဟိန္ဒူသမဂ္ဂရဲ့ အကြီးအကဲကလည်း ကိုရိုနာဗိုင်းရပ်စ်ပုံစံ လုပ်ထားတဲ့ ရုပ်ပြောင်ပုံမျက်နှာနားကပ်ပြီး နွားကျင်ငယ်ရေ တဇွန်းနဲ့ ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။
အိန္ဒိယမှာ ဝန်ကြီးချုပ်မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးပါတီက ခေါင်းဆောင်ပိုင်းဟာလည်း နွားကျင်ငယ်ရေကို ဆေးဝါးအဖြစ်နဲ့ရော ကင်ဆာကုဖို့အတွက်ပါ သုံးကြဖို့ တိုက်တွန်းနှိုးဆော်နေခဲ့တာပါ။
အာသံပြည်နယ်က ခေါင်းဆောင်တဦးကလည်း ဒီလအစောပိုင်းတုန်းက နွားကျင်ငယ်ရေနဲ့ နွားချေးတို့ကို ကိုရိုနာဗိုင်းရပ်စ်ကုသရေးအတွက် သုံးနိုင်ကြောင်း အစည်းအဝေးတခုမှာ ပြောခဲ့ဖူးတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။