မန်းရွှေစက်တော်ဘုရား နေ့ချင်းပြန် လာရောက်ဖူးမြော်နိုင်ဟု ဂေါပကပြော

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် မန်းရွှေစက်တော်ဘုရားပွဲ ပိတ်သိမ်းခဲ့ပေမယ့် ဘုရားဖူး ခရီးသွားတွေအနေနဲ့ နေ့ချင်းပြန် လာရောက်ဖူးမြော်နိုင်တယ်လို့ ရွှေစက်တော် ဂေါပကအဖွဲ့က ပြောပါတယ်။

မန်းရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးဌေးဝင်းက “တည်းခိုဆောင်တွေနဲ့ စျေးဆိုင်ခန်းတွေကို ပိတ်သိမ်းလိုက်တာ၊ မန်းရွှေစက်တော်ဘုရား ခြေတော်ရာနှစ်ဆူကို နေ့ချင်းပြန် ဖူးမြော်ခွင့်ပေးထားပါတယ်။ ဘုရားပွဲတော် ကျင်းပတဲ့ လူစည်ကားတဲ့ နေရာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပေါ်လာရင် မထိန်းသိမ်းနိုင်မှာစိုးလို့ ပိတ်လိုက်ရတာဖြစ်ပါတယ်။ ဘုရားဖူးမြော်ချင်စိတ်နဲ့ လာရောက်တဲ့သူတွေကို ပိတ်ပင်တားဆီးတာတွေ မလုပ်ပါဘူး။ မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာရှိ ခြေတော်ရာကိုလည်း မြန်မာနှစ်ဆန်း ၁ ရက်နေ့မှ ပိတ်သိမ်းသွားမယ်” လို့ ပြောပါတယ်။

ဘုရားပွဲတော် ပိတ်သိမ်းတဲ့ရက်တွေမှာတော့ လုံခြုံရေးအဖွဲ့တွေအနေနဲ့ မုခ်ဦးကနေ အတားအဆီးတွေနဲ့ ဘုရာပွဲတော် ပိတ်သိမ်းကြောင်း ပြောကြားတာတွေ ပြုလုပ်နေပြီး နေ့ချင်းပြန် ဘုရားဖူးတွေကိုတော့ ဖူးမြော်ခွင့်ပေးထားတယ်လို့ သိရပါတယ်။‌

အခုလို ဘုရားပွဲတော် ပိတ်သိမ်းလိုက်အတွက် ရင်းနှီးမြှုပ်နှံထားတဲ့ တည်းခိုဆောင်လုပ်ငန်းရှင်တွေ၊ စျေးသည်တွေ များစွာ ဆုံးရှုံးနစ်နာကြပြီး ပျံကျစျေးသည်တွေ အပါဝင် စျေးသည် ၁၀၀၀ ကျော်လောက် အခက်အခဲ ကြုံတွေ့နေကြတယ်လို့ မန်းရွှေစက်တော်၊ စျေးကော်မတီ ဥက္ကဋ္ဌ ဦးအေးကိုက ပြောပါတယ်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့ကနေ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ရက် ၈၀ ကြာ ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်နိုင်ဖို့ ပွဲတော်ကာလ တဝက်လောက် ပိတ်သိမ်းလိုက်တာပါ။

သင်္ကြန်ပွဲတော် အပါအဝင် လူစုလူဝေးနဲ့ ကျင်းပရတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကို  ဧပြီလ ၃၀ ရက်အထိ နိုင်ငံတဝန်းလုံးမှာ ကျင်းပခြင်း မပြုလုပ်ဖို့ နိုင်ငံတော် သမ္မတရုံးက မတ်လ ၁၃ ရက်မှာ ပြည်သူကို ပန်ကြားချက် ထုတ်ပြန်ထားပါတယ်။

သတင်း -DVB Burmese

Add a Comment

Your email address will not be published. Required fields are marked *