fbpx

သြစတြေးလျသိပ္ပံပညာရှင်တွေ တီထွင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး

သြစတြေးလျသိပ္ပံပညာရှင်တွေဟာ သူတို့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့ပေမယ့် ဒါကို လူတွေကြားထဲဖြန့်ဝေဖို့အတွက်တော့ လနဲ့ချီပြီး ကြာမြင့်ဦးမယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံ Brisbane မြို့ ကွင်းစလန်းတက္ကသိုလ်က သိပ္ပံပညာရှင်သုံးယောက်က COVID-19 ရောဂါကို ကာကွယ်တိုက်ဖျက်နိုင်မယ့် ကာကွယ်ဆေးကို တီထွင်လိုက်နိုင်ပြီလို့ ယုံကြည်နေကြပါတယ်။

“ဗိုင်းရပ်စ်အတွက် တကယ်အလုပ်လုပ်မယ့် ကာကွယ်ဆေးကို ထွင်နိုင်ခဲ့ကြပြီးပြီလို့ ငါတို့ထင်တယ်” ဆိုတဲ့ စကားကိုပြောခဲ့သူက ဒေါက်တာ Keith Chappell ဖြစ်ပါတယ်။ သူဟာ ဗိုင်းရပ်စ်ပရိုတိန်းများတည်ငြိမ်မှု နဲ့ ပတ်သက်လို့ ပါရဂူဘွဲ့လွန်လေ့လာမှုတွေကို ပြုလုပ်နေတဲ့ ပညာရှင်တယောက်ဖြစ်ပါတယ်။

သူဟာ ဒီတီထွင်မှုအတွက် လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Paul Young ၊Trent Munro တို့နဲ့အတူ ဇန်နဝါရီလကတည်းက စတင်ရှာဖွေနေခဲ့တာလို့ ဆိုပါတယ်။ သူတို့အဖွဲ့ဟာ သင့်တော်တဲ့ကာကွယ်ဆေးဗိုင်းရပ်စ် ရလာဖို့ မတူကွဲပြားတဲ့ ပုံသေနည်းပေါင်း ၂၅၀ ခုလောက် ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ ကာကွယ်ဆေးဗိုင်းရပ်စ် ကိုတော့ S-Spike လို့ အမည်ပေးထားပါတယ်။

ဒီကာကွယ်ဆေးကို ဓာတ်ခွဲခန်းတွေမှာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ပြီးဖြစ်ပေမယ့် လူတွေကိုတော့ ဇွန်လလောက်မှ စတင် စမ်းသပ်နိုင်မယ်လို့ ဆိုပါတယ်။ သူတို့ကတော့ ဒီနှစ်အကုန်မှာတော့ ဒီကာကွယ်ဆေးကို လူတွေလက်ထဲကို ဖြန့်ဝေပေးနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

လူတွေကို ထိုးပေးမယ့်အဆင့်ကိုရောက်ဖို့ အချိန်ယူရတာဖြစ်တယ်၊ ကမ္ဘာပေါ်က လူပေါင်း သန်း ၇ထောင်ကျော်ကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့အတွက်တော့ ကျွန်တော်တို့အတိုင်းအတာနဲ့ အများကြီးပြင်ဆင်ပြောင်းလဲမှုတွေလုပ်ရမှာဖြစ်တယ်လို့ Dr Chappell က ရှင်းပြပါတယ်။

ဒီကာကွယ်ဆေးကို molecular clamp နည်းပညာနဲ့တီထွင်ထားတာဖြစ်ပြီး ဒီနည်းပညာဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ DNA sequence ပေါ်အခြေခံပြီး တကယ့်ဗိုင်းရပ်စ်နဲ့တူညီတဲ့ ပရိုတိန်းကို ထုတ်ပေးခြင်းအားဖြင့် အသုံးပြုထားတာလို့ ဆိုပါတယ်။ ဒီပရိုတိန်းကနေ ကိုယ်ခံအားစနစ်ကို စုစည်းတုံ့ပြန်မှာဖြစ်ပြီး လူတွေကို ကာကွယ်ပေးမှာဖြစ်တယ် လို့ ဆိုပါတယ်။ သဘောကတော့ ဒီဆေးထိုးလိုက်တာနဲ့ ဗိုင်းရပ်စ်ကို ကာကွယ်ဖို့ သင့်တော်တဲ့ ကိုယ်ခံအားတုံ့ပြန်မှုကို ရရှိစေမှာဖြစ်တယ်လို့ Dr Chappell က ထပ်ပြောပါတယ်။

ဒီကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့အတွက်တော့ အမေရိကန်ဒေါ်လာ သန်း ၂၀ နဲ့ ၃၀ ကြား ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ အစိုးရ ဆေးဝါးပစ္စည်းထုတ်လုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လာမယ့် သောကြာနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်းလည်း ဆိုပါတယ်။လက်ရှိအချိန်မှာတော့ သြစတြေးလျမှာ လူ ၂၀၄ယောက်ဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ၃ယောက် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

အမေရိကန် ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Moderna ကလည်း သင့်တော်တို့ ကာကွယ်ဆေးရှိနေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးကို ပထမအဆင့်အနေနဲ့ ၂၀၂၀ ဧပြီမှာ လူ ၄၅ဦးကို စမ်းသပ်မှာဖြစ်ပြီး ၃ ၊ ၄ လလောက်ကြာနိုင်ပါတယ်။ ဒုတိယ အဆင့်အနေနဲ့တော့ ၂၀၂၀ ဇူလိုင်လမှာ လူနာ ရာထောင်နဲ့ချီကာ စမ်းသပ်မှာဖြစ်ပြီး လူတွေလက်ထဲကိုတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ နဲ့ ဧပြီလကြားကာလမှာ မှ ရောက်ရှိနိုင်မယ်လို့ ဆိုထားပါတယ်။

အဲဒီတော့ ကာကွယ်ဆေးတွေဟာ ထွက်ရှိလာခဲ့ရင်တောင် လနဲ့ချီပြီး ကြာမြင့်ဦးမှာဖြစ်တဲ့အတွက် ကာကွယ်ဆေး မထွက်လာမီ ကြားကာလမှာ ဗိုင်းရပ်စ်ဟာ ဆက်ပြန့်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူပေါင်း ၁၄၅၀၀၀ကျော်ကို ကူးစက်ခဲ့ပြီးဖြစ်ကာ သေဆုံးသူဦးရေလည်း ၅၄၀၀ ကျော်နေပြီဖြစ်တဲ့အတွက် ကာကွယ်ဆေးတွေ အမြန်ဆုံးလူတွေလက်ထဲ ရောက်ရှိပါစေလို့ ပဲ ဆုတောင်းရမှာပါ။

translated by : thutazone

Add a Comment

Your email address will not be published. Required fields are marked *