၁ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရမှု ၁၅၀၀ကျော်ကာ LOCKDOWN လုပ်လိုက်ရတဲ့ စပိန်
|၁၃ ရက်နေ့မှာမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၃၅၀၀ ဝန်းကျင်သာ ရှိခဲ့တဲ့ စပိန်ဟာ (၁၄ရက်နေ့) မှာတော့ ၁ရက်တည်းနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅၀၀ကျော် ထပ်မံတွေ့ရှိရတာကြောင့် ကူးစက်ခံရသူစုစုပေါင်း ၅၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။
နာရီပိုင်းအတွင်းမှာပဲ ထပ်မံများပြားလာနေပြီး လက်ရှိအချိန်မှာတော့ စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅၂၃၂ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ဒီလိုတရှိန်ထိုး ဗိုင်းရပ်စ်ကူးစက်သူ များပြားလာတာကြောင့် ဥရောပတိုက်မှာ စပိန်နိုင်ငံဟာ အီတလီပြီးတဲ့နောက် ဗိုင်းရပ်စ်ကူးစက်မှုအခံရဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
သေဆုံးသူ စုစုပေါင်းကလည်း ၁၃၃ ဦးရှိလာပြီးတဲ့နောက် လက်ရှိအချိန်မှတော့ စိုးရိမ်ရတဲ့ စပိန်ဒေသအချို့ကို Lockdown လုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ဥရောပဟာ ဒီကူးစက်မှုကပ်ရောဂါရဲ့ ဗဟိုချက်မဖြစ်လာပြီ လို့ ပြီးခဲ့တဲ့ သောကြာနေ့က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကထုတ်ပြန်ခဲ့သလို ဥရောပနိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပိုမိုမြင့်မားလာနေပြီ ဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် စပိန်ပြည်သူတွေကို အစားအစာဝယ်ခြင်း ၊ ကျန်းမာရေးကိစ္စ နဲ့ အလုပ်ကိစ္စ ကဲ့သို့ အရေးကြီးတဲ့ကိစ္စတချို့ကလွဲရင် အပြင်ထွက်ဖို့ တားမြစ်ထားပါတယ်။ ဒီသတင်းကို ကြားကြားချင်းမှာပဲ လေကြောင်းလိုင်းအချို့ဟာ ရပ်နားလိုက်သလို ၊ ပျံသန်းလာနေတဲ့ လေယာဉ်တွေတောင် မူလလေဆိပ်ကို ပြန်လှည့်သွားခဲ့ကြပါတယ်။
စပိန်မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူကို ဇန်နဝါရီလ ၃၁ရက်နေ့ကမှ La Gomera ကျွန်းမှာ စတင်စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ထိုသူဟာ ဂျာမနီကလာတဲ့ ခရီးသွားတယောက်ဖြစ်ပါတယ်။ ဒုတိယကူးစက်ခံရသူကိုတော့ Palma de Mallorca မြို့မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရှိခဲ့ပြီး အဲဒီသူကတော့ ပြင်သစ်ကနေ ကူးစက်ခံလာရတာဖြစ်ပြီး တတိယ ကူးစက်ခံရသူကတော့ ဖေဖော်ဝါရီ ၂၉မှာ စစ်ဆေးတွေ့ရှိခဲ့တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။
အဲဒီအချိန်အထိ ကူးစက်မှု အနည်းအကျဉ်းသာ ရှိခဲ့ပေမယ့် ၃ပတ်အတွင်းမှာ ကူးစက်ခံရသူပေါင်း ၅၀၀၀ ကျော်သွားတာဖြစ်ပြီး အမြင့်ဆုံးကူးစက်မှုနှုန်းလို့ ဆိုရပါမယ်။ ကမ္ဘာပေါ်မှာတော့ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံသူပေါင်း ၁၄၈၃၀၆ ဦး ရှိနေပြီး ၅၅၅၀ ဦး သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။