မိုက်ကရိုဆော့ဖ်ကုမ္ပဏီ ဘုတ်အဖွဲ့မှ ဘီလ်ဂိတ် နုတ်ထွက်မည်

ပရဟိတလုပ်ငန်းတွေအတွက် အချိန်ပိုပေးနိုင်ဖို့ မိုက်ကရိုဆော့ဖ်ကုမ္ပဏီဘုတ်အဖွဲ့ကနေ နုတ်ထွက်တော့မယ်လို့ ဘီလ်ဂိတ်က ကြေညာလိုက်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဘီလ်ဂိတ်က သူဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေမှာ အာရုံစိုက် လုပ်ဆောင်သွားချင်တယ်လို့ ဆိုပါတယ်။

အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဘီလ်ဂိတ်ဟာ ဘီလျံနာတဦးဖြစ်တဲ့ ဝါရင်ဘတ်ဖတ်ရဲ့ Berkshire Hathaway ကုမ္ပဏီဘုတ်အဖွဲ့ကလည်း နုတ်ထွက်ထားပါတယ်။ မစ္စတာဂိတ်ဟာ မိုက်ကရိုဆော့ဖ်ကုမ္ပဏီအတွက်နေ့စဉ် ကြီးကြပ်ရေးတာဝန် ထမ်းဆောင်မှုကို ၂၀၀၈ ကတည်းက နုတ်ထွက်ထားပြီးသားပါ။

 ဂိတ်က ကြေညာချက်ထဲမှာ ကုမ္ပဏီဟာ သူ့အတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ အမြဲရှိနေမှာဖြစ်တယ်၊ သူ့အနေနဲ့လည်း ခေါင်းဆောင်မှု ဆက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘီလ်ဂိတ်ဟာ အမေဇုန် အွန်လိုင်းရောင်းဝယ်ရေး ဝက်ဘ်ဆိုက်တည်ထောင်သူ ဂျတ်ဘီးဇော့ ပြီးရင် ကမ္ဘာ့ဒုတိယအချမ်းသာဆုံးအဖြစ် ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၃ ဒသမ ၆ ဘီလီယံ ကြွယ်ဝတယ်လို့ ဖော့ဘ်မဂ္ဂဇင်းမှာ ဖော်ပြခံရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *