ဘာသာရေးလူစုလူဝေးဆိုင်ရာ ညွှန်ကြားချက်ကို သာ/ယဉ်ဝန်ကြီးဌာနက ထုတ်ပြန်ရန်မှာကြားထား

ဘာသာရေးဆိုင်ရာလူစုလူဝေးကိစ္စများနှင့် ပတ်သက်၍ ညွှန်ကြားချက်များကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သွားရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

မတ်လ ၁၃ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ သတင်းမီဒီ ယာများနှင့်တွေ့ဆုံစဉ် ၎င်းက ပြောကြားခြင်းဖြစ်သည်။

“သာသနာရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ခေါ် ပြီး မှာကြားပြီးဖြစ်တယ်။ဘာသာရေးနဲ့ဆိုင်ရာကိစ္စရပ်တွေကို လူစုလူဝေးစုစည်းတဲ့ကိစ္စရပ်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနက ဆက်ပြီးတော့ ညွှန်ကြားချက်တွေထုတ်သွားဖို့ရှိပါတယ်။ရက်သတ္တပတ် ၆ ပတ်အတွင်း ဒီကာလမှာတော့ လူစုလူဝေးဖြစ်စေတဲ့ကိစ္စပေါ့နော်။လူစုလူဝေးဆိုတာ လူအများစုကိုဘယ်လိုသတ်မှတ်မလဲပေ့ါနော်။ အဲဒီမှာ ဘယ်လောက်တက်မလဲ။ ကျွန်တော်တို့ ဥပမာ အစိုးရဘက်မှာရှိတဲ့ သင်တန်းတွေဖွင့်တာတွေ Cancel တွေ လုပ်ခိုင်းထားတယ်။ အလားတူပဲ သာယဉ်ဝန်ကြီးဌာနက သူနဲ့ ဆက်စပ်တဲ့ကိစ္စတွေ ဆက်ပြီးတော့လုပ်သွားပါမယ်”ဟု ၎င်းက ဆိုသည်။

ကောလာဟလသတင်းများထုတ်လွှင့်သူကို  ဖော်ထုတ်နေပြီး သက်ဆိုင်ရာတာဝန်ရှိဌာနများက ထုတ်ပြန်သည့် တရားဝင်ကြေညာချက်များကို ပြည်သူများက စောင့်ဆိုင်းဖတ်ရှုရန်လိုပြီး ကောလာဟလဖြစ်နိုင်ချေရှိသောအပိုင်းများကိုလည်း ယခင်ထက်ပိုမိုတက်ကြွစွာ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

ယခုနှစ်မဟာသင်္ကြန်ကာလအတွင်း ယခင်နှစ်များကဲ့သို့ ရေကစားမဏ္ဍပ်များကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ရေကစားလိုပါက မိမိတို့ အိမ်ရှေ့တွင် ကစားနိုင်ကြောင်း ၎င်းက ပြောသည်။

“တချို့ကလည်းဆွေးနွေးကြတယ်။ ရခိုင်သင်္ကြန်လိုဟာမျိုး။ သို့သော် နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ တရားဝင်မဏ္ဍပ်တွေ ဘယ်လိုမှ ခွင့်မပြုဘူး။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်အိမ်က က လေးတွေ ပက်ချင်လို့ ကိုယ့်အိမ်ရှေ့မှာ ပုံးလေးတွေ ခွက်ကလေးတွေ ချပြီးပက်ချင်ရင်ပက်ပေါ့နော်။ အဲဒါမျိုးဆို ရတယ်”ဟု ၎င်းက ဆိုသည်။

Add a Comment

Your email address will not be published. Required fields are marked *