မန်း၌ ကောလာဟလကြောင့် ဆန်ဝယ်သူများသော်လည်း ဈေးသိသာစွာ မပြောင်း

မန္တလေးမြို့ရှိ Ayeyar Prince Trading CO.Ltd မှ ဆန်ဂိုဒေါင်အား တွေ့ရစဉ်။

မန္တလေးတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် ကောလာဟလများ လူမှုကွန်ရက်တွင် မတ် ၁၂ ရက်ညနေပိုင်းက ပျံ့နံ့ခဲ့ပြီးနောက်ပိုင်း ဆန်နှင့် ခေါက်ဆွဲခြောက်စသည့် စားဖွယ်များ ဝယ်ယူသူများပြားခဲ့သော်လည်း ဆန်ဈေးနုန်းသိသာစွာပြောင်းလဲမှုမရှိဘဲ ပုံမှန်ဈေးခန့်သာရှိကြောင်း မန္တလေးမြို့ ဆန်ရောင်းချသူအချို့ထံမှ သိရသည်။

ဆန်ဈေးတည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှလည်း မတ် ၁၃ ရက်နေ့က ကြေညာချက် တစ် စောင်ထုတ်ပြန်ခဲ့ရာ ပြည်တွင်းစားသုံးမှု ဖူလှုံစေရေးနှင့် ဈေးကွက်တည်ငြိမ်ရေး အတွက် ပြည်ပတင်ပို့မှုကို စနစ်တကျ ဆောင်ရွက်မည်ဖြစ်ပြီး စိုးရိမ်ပူပန်ရမည့်အခြေအနေမဟုတ်ကြောင်း ပါရှိသည်။

“ဆန်က ပုံမှန်ဈေးဘဲ။ ဈေးမတက်နိုင်ပါဘူး။ ဒီအချိန်က ဆန်ဈေးက ၅၀၀ လောက်ကျဆင်းချိန် ဖြစ်တယ်။ သင်္ကြန်မတိုင်ခင် နွေမှာ ဆန်ဈေးကျချိန်ပါ။ ပြည်သူက စိုးရိမ်လို့သာပါ။ ဒီတစ်ရက်မှ ဆန်ဝယ်တဲ့သူများလို့ ရောင်းအားကောင်းတယ်။ စိုးရိမ်ကြောင့်ကြမှုနဲ့ ဝယ်ကြတာ။ လာဝယ်သူတွေကိုလည်း ဈေးမတက်နိုင်ဘူးဆိုတာ ပြောပြပါတယ်”ဟု မန္တလေးမြို့သိန်းဇော်ဆန်ပွဲရုံမှ ပြောသည်။

လက်ရှိပေါက်ဈေးမှာ အများစားသုံးသည့်ဆန်မှာ ကျပ် ၃၀,၀၀၀ ကျော်မှ အရည်အသွေးကောင်းလျှင် ကျပ် ၆၀၀၀၀ ကျော်ရှိကြောင်း၊ ရွှေသွယ် ၃၁,၀၀၀ ကျပ်၊ မနောသုခအဟောင်း ၃၄,၀၀၀ ကျပ်၊ မဂျမ်းတော ၆၁,၀၀၀ ကျပ် နှင့် ပေါ်ဆန်းမွေး ၆၂,၀၀၀ ကျပ် ဝန်းကျင်ရှိနေပြီး ပြီးခဲ့သည့်လနောက်ပိုင်း အနည်းငယ်သာမြင့်တက်ခဲ့သော်လည်း ယခုရက်တွင် လက်ရှိဈေးအတိုင်းသာ ရောင်းချနေကြောင်းသိရသည်။

“တစ်အိတ်ဝယ်တဲ့သူတွေက ဒီနေ့ ၅ အိတ်လောက်လာ ဝယ်ကြတယ်။ လောလောဆယ် ဈေးမတက်ပါဘူး။ ဒီနေ့ တော်တော်ရောင်းနေရတယ်။ ကျွန်တော့်ဆီမှာ အော်ဒါတွေများနေပြီး အိတ် ၁၀၀ မှာရင်လည်း ဈေးမတက်ပါဘူး။ တချို့လက်လီဆိုင်တွေက ဝယ်ပြီးပြန်ရောင်းတာကြောင့် နည်းနည်းတော့ တက်ရောင်းလိမ့်မယ်။ ဆန်နဲ့ဆီ က ပြည်တွင်းထွက်ဖြစ်လို့ လိုသလောက်ပဲ ဝယ်ပါလို့ပြောချင်တယ်”ဟု သမ္မာဦး ဆန်ရောင်း ဝယ်ရေး(မန္တလေး) မှ ကိုသန့်ဇင်က ပြောသည်။

Ayeyar Prince Trading CO.Ltd မှာ မန်နေဂျင်းဒါရိုက်တာဖြစ်သူကလည်း “ဆန်ကုန်သည်ကြီးတွေ ဂိုဒေါင်မှာ ဆန်အိတ်တွေ ထောင်ချီရှိပါတယ်။ နိုင်ငံတော်မှာလည်း အ ရန်ဆန်ရှိထားတော့ ပူစရာမလိုပါဘူး။ နောက်ဆုံး အဆင့် လိုအပ်ရင် လှူဒါန်းသွားဖို့လည်း အဆင်သင့်ပဲ။ မော်လမြိုင်ရေဘေးမှာတုန်းက ဆန်ရှားချိန်မှာ ကျွန်တော်တို့ လှူခဲ့ ကြတယ်။ လက်ရှိမှာတော့ လက်လီဝယ်လက်တွေ များနေတယ်။ ဒါကတော့ တစ်ခုခုဆိုရင် ဖြစ်တတ်တဲ့သ ဘာဝပဲ”ဟု မြန်မာတိုင်းသို့ ပြောကြားခဲ့သည်။

news : mmtimes

Add a Comment

Your email address will not be published. Required fields are marked *