သင်္ကြန်မဏ္ဍပ်ကြီးများနှင့် ရုပ်ရှင်ရုံများအပါအဝင် လူစုလူဝေးအခမ်းအနားများမကျင်းပရန် ဆုံးဖြတ်

019 Novel Coronavirus(COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေးကျင်းပနေစဉ်။ဓာတ်ပုံ – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

မတ်လ၁၃ရက်မှစတင်ကာ ဧပြီလကုန်အထိကာလအတွင်း သင်္ကြန်မဏ္ဍပ်ကြီးများနှင့် ရုပ်ရှင်ရုံများအပါအဝင် လူစည်ကားသည့် ပွဲလမ်းသဘင် လူစုလူဝေးအခမ်းအနား အစည်းအဝေးများ မကျင်းပရန် အစိုးရအဖွဲ့တာဝနိရှိသူများက ဆုံးဖြတ်ခဲ့ကြောင်း၊ အသေးစိတ်ကို သက်ဆိုင်ရာဌာနများက တရားဝင်ကြေညာမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ၎င်း၏လူမှူကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ပြောကြားခဲ့သည်။

2019 Novel Coronavirus(COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်၍ မတ်လ၁၂ရက် မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးတွင်ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဦးအောင်လှထွန်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်အောင် ဖိဖိစီးစီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားကြရန်၊ အများပြည်သူကို ကျန်းမာရေးအသိနှင့် သတိထားနေထိုင်ရန်ပညာပေးပန်ကြားဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။

တစ်ချိန်တည်းတွင် ဆက်စပ်ဖြစ်ပေါ်လာမည့် စီးပွားရေး လူမှူရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများကိုလည်း ယင်းအစည်းအဝေး၌ ဆွေးနွေးခဲ့ကြကြောင််း၊ရောဂါစတင်ဖြစ်ပေါ်ခဲ့သည့် တရုတ်နိုင်ငံတွင်  ဖိဖိစီးစီး တင်းတင်းကျပ်ကျပ် (aggressive measures) အရေးယူဆောင်ရွက်ခဲ့၍ ပြည်တွင်း၌ရောဂါကူးစက်ပြန့်ပွားမှူကျဆင်းလာသည်ကို တွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကိစ္စနှင့်ပတ်သက်၍ သတင်းအတုများ၊ သတင်းမှားများ၊ ကောလာဟလများကိုမယုံကြည်ကြရန်၊ ထုတ်လွှင့်သူများကိုလည်း ဖော်ထုတ်ဟန့်တား ပေးကြရန် အားလုံးကို ဦးအောင်လှထွန်းကမေတ္တာရပ်ခံထားသည်။ယင်းပုဂ္ဂိုလ်များကို သက်ဆိုင်ရာကလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု ဆိုသည်။

ယခုအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသည့်လူနာမတွေ့ရသေးကြောင်း၊ တွေ့ရှိပါကလည်း ချက်ချင်း အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

”လူစုလူဝေးထူထပ်တဲ့ နေရာတွေ အခမ်းအနား တွေကိုတတ်နိုင်သလောက်ရှောင်ကြဉ်ကြဖို့ တိုက်တွန်းပေးကြပါ။ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့က သတင်းမှန်တွေကို အချိန်နဲ့တစ်ပြေးညီ တရားဝင်ထုတ်ပြန်လျက်ရှိပါတယ်။ အဲဒီသတင်းမှန်တွေ တတ်နိုင်သလောက်စောင့်ကြည့်လေ့လာပြီးလက်ဆင့်ကမ်းဖြန့်ချိပေးကြဖို့မေတ္တာရပ်ခံပါတယ်”ဟု ဦးအောင်လှထွန်းက ၎င်း၏လူမှူကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားသည်။

”ဒီပြဿနာဟာကျွန်တော်တို့နိုင်ငံအတွက်တောင်မက တစ်ကမ္ဘာလုံးအတွ က်ဘုံပြဿနာတစ်ခုဖြစ်တဲ့အတွက် အားလုံးက ပူးပေါင်််းပါဝင် ကူညီ ဆောင်ရွက် ပေးကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်”ဟု၎င်းက ဆက်လက်ပြောကြားထားသည်။

2019 Novel Coronavirus(COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ရင်းနှီးမြှုုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ 2019 Novel Coronavirus(COVID-19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဌ  အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပူးတွဲဥက္ကဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။

Add a Comment

Your email address will not be published. Required fields are marked *